ကျပ် တသောင်းတန်နဲ့ ကျပ် ငါးထောင်တန်အတုရောင်းတယ်လို့ ကြော်ငြာနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ သတိပြုမိပါတယ်။ ငွေကြေးလိမ်လည်သူ တွေရဲ့ သားကောင် ရှာနည်းသာဖြစ်ပြီး တကယ်တမ်း ငွေအတုရောင်းဝယ်နေတာ မဟုတ်ပါဘူး။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ ငွေအစစ်နဲ့တူတဲ့ ငွေအတုဆိုပြီးတော့ ကြော်ငြာထားသလို အရည်အသွေးပိုင်းမှာ စိတ်ချရကြောင်းလည်း ပြောထားပြီး ဒီလို ခေတ်ကာလမကောင်းချိန်မို့သာ အွန်လိုင်းက ရောင်းရဲတာလို့လည်း ဆိုထားပါတယ်။

“အခုချိန်မျိုးမှာ မသုံးရဲရင် သုံးလို့ရမှာမဟုတ်ဘူး ခေတ်ကောင်းနေရင်လဲ ပို့တင်ပြီးပေါ်တင်မရောင်းရဲပါဘူး

အပြင်အဆက်သွယ်ကပဲ ရောင်းရဲတာပါ

#ပစ္စည်းအရည်အသွေး

#Quality

#ကြာရိပ်

#ဂျာမနီစက်ကူသား

#ရောင်ပြန်ကြိုး

မဂ်လာပါ မိတ်ဆွေ🙏

ငွေ အ-တုမှာယူချင်သူများ

ပစ္စည်းလေးတေ နောက်ထပ်ထပ်ရောက်နေပါပြီ

👉စိတ်ချယုံကြည် စွာမှာယူအားပေးနိုင်ပါသည်👈

☎️09778603650

ဆက်သွယ်လို့ရပါတယ်”

မူရင်းလင်ခ့် – Fb link | Archive link

အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၂၀၂၀ ခုနှစ်ထဲမှာ ဒီလိုပြောဆိုချက်နဲ့ အလားတူတဲ့ “ငွေအတုသည်”ဆိုတဲ့ ဖေစ့်ဘွတ်စာမျက်နှာကနေ ငွေတု တွေရောင်းချနေ တယ်လို့ဆိုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထောက်လှမ်းဖမ်းဆီးခဲ့ရာမှာ ငွေကြေးလိမ်လည်နေ သူတွေဖြစ်နေတာတွေ့ခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကျပ် တသောင်းနဲ့ ကျပ်ငါးထောင်ကျပ်တန် ငွေစက္ကူပုံတင်ထားပြီး ငွေအတုအမှန်တကယ် ထုတ်လုပ်ရောင်းချနေသယောင် ဆွဲဆောင်ပြီး ဝယ်ယူသူများကို Wave Money မှငွေလွှဲစေကာ လိမ်လည်နေသူများဖြစ်ကြောင်းရဲတပ်ဖွဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလက ဖမ်းဆီးဖော်ထုတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ထုတ်ပြန်ထားပါတယ်။

ငွေဝယ်မယ့်သူတွေ ဆက်သွယ်ရန်ဖော်ပြထားတဲ့ ဖုန်းနံပတ်နဲ့ ငွေလွှဲလက်ခံလိုက်တဲ့ ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့က နောက်ယောင်ခံစုံစမ်းရာကနေ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ ငွေအတုထုတ်လုပ်ထားတဲ့ သက်သေခံ ဆက်စပ် ပစ္စည်းတစုံတရာမရှိပဲလိမ်လည်သူအဖြစ် ဖမ်းဆီးခဲ့တာဖြစ်တယ်။ အဲဒီအချိန်က သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

ငွေစက္ကူအတု တကယ်ထုတ်နိုင်လား

ယေဘုယျအားဖြင့် ငွေစက္ကူအတုဟာ အခုလို အွန်လိုင်းငွေကြေးလိမ်လည်သူတွေ ပြောဆိုသလို အလွယ်တကူ တုပ ထုတ်လုပ်နိုင်ဖွယ်မရှိပါဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ စျေးကွက်မှာ အလွယ်တကူရနိုင်တဲ့ အရည်အသွေးမြင့် ပုံနှိပ်စက်အမျိုးမျိုးဟာ ငွေစက္ကူကို အရောင်အဆင်းတူအောင် ထုတ်လုပ်နိုင်ဖွယ်ရှိပေမဲ့ ဒီလိုငွေစက္ကူထုတ်တဲ့ စက္ကူအမျိုးအစား၊ ရေစာ နဲ့ လုံခြုံရေးကြိုးလိုမျိုး ကိစ္စရပ်တွေဟာ တုပလို့ မနိုင်ပါဘူး။

ဒီလိုအချက်တွေကြောင့် ငွေစက္ကူအတုဟာ အစစ်နဲ့ လုံးဝတူအောင် တုပနိုင်တယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း မှားယွင်းပါတယ်။ အမှန်တကယ်မှာ ငွေစက္ကူအတုဟာ ငွေစက္ကူအစစ်တွေကြားမှာ တရွက်စ၊ နှစ်ရွက်စ ကြားညှပ်ပြီး အသုံးပြုဖို့သာဖြစ်နိုင်ပါတယ်။

သုံးသပ်ချက်

ငွေစက္ကူအတုဟာ အခုလို အွန်လိုင်းမှာ ပြောဆိုသလို အလွယ်တကူ တုပ ထုတ်လုပ်နိုင် ဖွယ်မရှိပါဘူး။ ဒီလိုပဲ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ငွေအတုရောင်းဝယ်ရေးဆိုပြီး ပို့စ်တင်ကြေညာနေတဲ့ စာမျက်နှာတွေဟာ ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်နေတာလည်းတွေ့ရပါတယ်။

Avatar

Title:Fact Check: ငွေအတုရောင်းတယ်ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို မယုံပါ

Written By: နေရာမောင်

Result: Insight