
မြန်မာမီဒီယာ ၄ ခုဟာ လူကုန်ကူးပြီး စီးပွားရေးရှာနေတယ်လို့ ပြောဆိုချက်တွေပါဝင် ဗွီဒီယိုပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ၂၄ မိနစ် ၂၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “ပြည်ပအထောက်အပံ့ခံ သတင်းဌာန များအား လေ့လာခြင်း”လို့ခေါင်းစဉ်တပ်ထားပြီး ဗွီဒီယိုမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်း တင်ဆက်မှုပိတ်ပင်ခြင်းခံရတဲ့ မြန်မာမီဒီယာ ၄ ခုဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးရင်း စီးပွားရှာနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ အဓိကပါဝင်ပြီ “ရောင်နီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၂ ရက်က တင်ထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့သူပေါင်း ၅ သောင်းဝန်း ကျင်ရှိပါတယ်။
ဒီဗွီဒီယိုရဲ့ ၅မိနစ် ၄၅ စက္ကန့်ကနေ ၆ မိနစ်နဲ့ ၁၅ စက္ကန့်ကြားမှာ “အဓိကတွေ့ရတာတော့ ကျွန်တော်တို့ဘာတွေ တွေ့ရလဲဆိုတော့ မြန်မာနောင်း၊ ဧရာဝတီ၊မဇ္ဈိမရယ်၊ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်းရယ်၊ ဒီဗီဘီရယ် နော် ဒီသတင်းဌာနတွေ အဓိကအားဖြင့် သူတို့ဘာလုပ်လဲဆိုတော့ လူကုန်ကူးမှုလုပ်တယ်၊ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်တွေကို သတင်းလုပ်ငန်းလုပ်ကိုင်ရမယ် ဆိုပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ လိင်ခန်းတွေနဲ့ ဇိမ်ခန်းတွေနဲ့ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ ဟို ပြည့်တန်ဆာလုပ်ငန်းကို အတင်းတွန်းထည့်တဲ့ အလုပ်တွေလုပ်တာ ကို ကျွန်တော်တို့တွေ့ရတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာပေါ့နော်။”လို့ ဗွီဒီယို အစီအစဉ် တင်ဆက်သူက ပြောပါတယ်။
သို့သော်လည်း မဇ္ဈိမသတင်းဌာနက ဒီသတင်းဟာ သတင်းမှား ဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ထားပါတယ်။
ထို့အပြင် “အဲဒါကို အဓိကထား လုပ်တာဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ ၂၀၂၁ ခုနှစ်အတွင်းမှာ အဓိက အားဖြင့်အမျိုးသမီးငယ်တွေ လူငယ်တွေအတော် များများက ဒီဘက်မှာကျွန်တော်တို့ ဘယ်လိုခေါ်မလဲ NLD အုပ်စုရဲ့ အတင်းဖိအားပေး ခိုင်စေမှုကြောင့် နယ်စပ်ဒေသကို ရောက်သွားတယ်” စသည်ဖြင့်လည်း ဗွီဒီယိုမှာ ပြောကြား ချက်ပါဝင်သလို ဒီသတင်းဌာနတွေဟာ စစ်သားတွေ သေဆုံးမှုအရေအတွက်ကို ပိုမိုများပြားတဲ့အရေ အတွက်နဲ့ ဝါဒဖြန့်ခဲ့သလို တိုက်ပွဲမဖြစ်ခဲ့တာကို တိုက်ပွဲဖြစ်သယောင်ရေးသားတယ်လို့လည်းပြောဆိုခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ထို့အတူ MHT News အမည်နဲ့ youtube channel မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တင်ထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဒီဗွီဒီယိုပါအချက်အလက်တွေ ဖြစ်တဲ့တိုက်ပွဲအရေအတွက်၊ ကျဆုံးစစ်သည်တွေအရေအတွက်နဲ့ ပတ်သက်တဲ့ သတင်းဖော်ပြချက်မှန်မမှန်ကိုတော့ Fact Crescendo အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ သို့သော် လည်း တိုက်ပွဲ သတင်းနဲ့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်းခံရတဲ့ အရေအတွက်တွေဟာ စစ်တပ်က ထုတ်ပြန်ချက်နဲ့ အခြားသော အဖွဲ့တွေက ထုတ်ပြန်ချက်တွေမှာကွဲလွဲမှုတွေရှိတာလည်းတွေ့ရပါတယ်။
Myanmar Now၊Khit Thit Media၊Mizzima၊DVB နဲ့ 7day သတင်းဌာနတွေကို စစ်တပ်က အာဏာသိမ်းအပြီးမှာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပိတ်သိမ်းကြောင်းကြေညာခဲ့ပါတယ်။ ဒီမီဒီယာ ၅ ခုထဲမှာ 7day သတင်းဌာနတစ်ခုပဲ စစ်တပ်ညွှန်ကြားချက်အတိုင်းလုပ်ငန်းပိတ်သိမ်းခဲ့ပြီး ကျန်သတင်းဌာနတွေဟာ လုပ်ငန်းဆက်လုပ်ကိုင် လျက်ရှိ ပါတယ်။
ဒီဗွီဒီယိုပါ ပြောကြားချက်အတိုင်းပဲ စစ်အာဏာသိမ်းမှုအပြီးမှာ ဒီမီဒီယာတွေဟာ ဆန္ဒပြပွဲများ၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများနဲ့ တိုက်ပွဲသတင်းများကို အသားအပေးဖော်ပြခဲ့တာတွေ့ရပါတယ်။
သို့သော်လည်း လူကုန်ကူး စီးပွားရှာနေတယ်ဆိုတဲ့အချက်အလက်နဲ့ ပတ်သက်ပြီး မဇ္ဈိမသတင်းဌာနက ဒီဗွီဒီယိုပါ အစီအစဉ်တင် ဆက်သူဟာ အောင်မင်းဆိုသူဖြစ်ပြီး သတင်းမှားသာဖြစ်တယ်လို့ ၎င်းတို့ရဲ့ မီဒီယာက တစ်ဆင့် ပြန်လည် ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Mizzima – News in Burmese | Archive link
ဒီဗွီဒီယိုမှာပဲ ဒီသတင်းဌာနတွေဟာ လူ ၅၀ ဝန်းကျော်ကို အမေရိကနဲ့ ဉရောပကို ဆွေးနွေးပွဲတက်ရန်အကြောင်း ပြလျှက် ပြီးခဲ့တဲ့ နှစ်အတွင်းမှာ လွှတ်ခဲ့လို့ လူကုန်ကူးမှုဖြစ်တယ်ဆိုပြီးတော့ ပြောကြားချက်လည်း ပါဝင်ပါတယ်။ လူကုန်ကူးမှုဆိုတာ အတင်းအဓမ္မအလုပ် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ခိုင်းစေမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုကြောင်း UNODC ရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာပါဝင်ပါတယ်။ MHT News အစီအစဉ်မှာ ဘယ်လိုအချက်အလက်ကို ထောက်ထားပြီး လူကုန်ကူးတယ်လို့ စွပ်စွဲပြောကြားခဲ့တာမပါဝင်ပေမဲ့ ဒီလို အတင်းအဓမ္မခိုင်းစေခံရတယ်သို့မဟုတ် လှည့်ဖျားခဲ့တယ်ဆိုတဲ့ သက်သေခံမယ့် လူကုန်ကူးခံရသူရဲ့ သက်သေဝန်ခံထွက်ဆိုချက်လည်း မပါဝင်တာလည်းတွေ့ရပါတယ်။
MHT ခေါ် Myanmar Hard Talk သတင်းဌာနဟာ စစ်တပ်ဘက်ယိမ်းတဲ့ မီဒီယာတစ်ခုဖြစ်ပြီး ဒီသတင်းဌာနနဲ့ တည်ထောင်သူ အောင်မင်းဟာ စစ်အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ရွေးကောက်ပွဲကာလမှာလည်း သတင်းတု၊ သတင်းမှာတွေ ဆက်တိုက်ဖြန့်ချိခဲ့တာတွေ့ရပြီး Myanmar Hard Talk အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ပိတ်သိမ်းခံခဲ့ရပါတယ်။ ထိုအချိန်က Fact Crescendo ကအချက်အလက်စိစစ်ခဲ့တာကို ဒီလင့်ခ်၊ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလေ့လာနိုင်ပါတယ်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အများအပြားဟာ အာဏာသိမ်းမှု အပြီးမှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရထားရပြီး ပါတီဝင်အများအပြားဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်။ NLD ပါတီက အတင်းအကျပ်ဖိအားပေးတာကြောင့် လူငယ်တွေ ထွက်ပြေးနေတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။
သုံးသပ်ချက်
စစ်အာဏာသိမ်းမှုအပြီး ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းဌာန ၄ ခုဟာ လူကုန်ကူးပြီး စီးပွားလုပ်နေတယ်ဆိုတဲ့ အချက်အလက်ဟာ အထောက်အထားကင်းမဲ့တာတွေ့ရပါတယ်။

Title:Fact Check: စစ်တပ်က ပိတ်ပင်ထားတဲ့ မြန်မာမီဒီယာ ၄ ခု လူကုန်ကူးပြီး စီးပွားရှာနေ တယ်လို့ ဝါဒဖြန့်
Fact Check By: Nayar MaungResult: Explainer