
အများစိတ်ဝင်စားနိုင်တဲ့ ခေါင်းစဉ်မှား ခေါင်းစဉ်လွဲတွေတပ်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို အသံအခြေပြုဗွီဒီယိုအဖြစ်ပြောင်းလဲပြီး ဝင်ငွေရှာနေတဲ့ Top MM Channel အမည်နဲ့ ယူကျူ့စာမျက်နှာ(youtube channel)ကအကြောင်းအရာအချို့ကို Fact Crescendo Myanmar ကစိစစ်ဖော်ပြပေးချင်ပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) တရား ဝင်ရပ်စဲလိုက်ပြီးလို့ခေါင်းစဉ်တပ်ထားတဲ့ ဗွီဒီယိုကို နိုဝင်ဘာ ၂၇ ရက်က အမည်နဲ့ ယူကျူ့စာမျက်နှာမှာ မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၂ သောင်းခွဲဝန်းကျင်ရှိပါတယ်။
“USDP ကို ပါတီဝင်အဖြစ် တရားဝင်ရပ်ဆဲလိုက်ပြီဟုUEC ကြေငြာလိုက်ပါပြီ”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ လူထုထောက်ခံမှုရအောင်မလုပ်ဘဲ တပ်ကိုပဲ စွဲထည့်ပြီး သူတို့ရဲ့ လက်ကိုင်တုတ်လို လုပ်နေတဲ့အကြောင်းတွေပါဝင်ပါတယ်။
ဗွီဒီယိုထဲမှာ USDP နဲ့သက်ဆိုင်တဲ့ဓာတ်ပုံ၊ UEC ရဲ့ သတင်းစာရှင်းလင်းပွဲပုံတွေကို အသုံးပြုထားပေမဲ့ နောက်ခံ စကားပြောမှာ ပါတီအဖြစ်က ပယ်ဖျက်ခဲ့တယ်ဆိုတဲ့အချက် မပါဝင်ဘဲ ခေါင်းစဉ်မှားတပ်ပြီး ပုံမှားရိုက်ဖြန့်ဝေ နေခြင်းဖြစ်တာတွေ့ရပါတယ်။ အလားတူစွာပဲ ဒီ youtube စာမျက်နှာပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးရဲမင်းဦးကို ခန့်လိုက်ပြီးလို့ ခေါင်းစဉ်မှားတပ်ထားတဲ့ဗွီဒီယိုဖြန့်ဝေခဲ့သလို NLD ပါတီက သမ္မတသစ်ရွေး လိုက်ပြီလို့လည်း ပြောထားပါသေးတယ်။ ဒီအချက်အလက်တွေဟာ မှားယွင်းတာတွေ့ရပါတယ်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာ စကားလုံးတွေနဲ့ ဆွဲဆောင်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်း အရာတွေကိုမျှဝေနေတာလည်း တွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ဗွီဒီယိုတွေကို အောက်ပါအတိုင်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ ဝက်ဘ်ဆိုဒ်မှာ “ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း”ကို ထုတ်ပြန်ထားတာတွေ့ရပါတယ်။၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၄ ရက်ကစပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ ပါတီပေါင်း ၃၅ ပါတီကို နိုင်ငံရေးပါတီစာရင်းမှ ပဲဖျက်ခဲ့တာတွေ့ရပြီး နောက်ဆုံးပယ်ဖျက်ခဲ့တဲ့ ပါတီကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ( UDP )ဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ ဒီအချက်အရ ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ(USDP) ပါတီအဖြစ်က ပယ်ဖျက်ကြောင်း ကြေညာခဲ့တယ်ဆိုတာ မှားယွင်းတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – UEC | Archive link
အလားတူနောက်ထပ်ဗွီဒီယိုတစ်ခုကို ဆန်းစစ်ကြည့်ရအောင်ပါ။ “ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးရဲမင်းဦးကို ခန့်လိုက်ပြီး အမေစုအမိန့် ထုတ်ပြန်”လို့ ခေါင်းစဉ်တပ် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် ဦးရဲမင်းဦးပုံကို အသုံးပြုပြီး နိုဝင်ဘာ ၂၅ ရက်က မျှဝေထားရာမှာ နှစ်ရက်အတွင်း ဗွီဒီယိုကို ကြည့်ရှူ့သူ ၂ သောင်းနီးပါးရှိပါတယ်။ အလားတူ “NLD ပါတီက ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံ သမ္မတသစ်ကြေညာလိုက်ပြီ”လို့ ခေါင်းစဉ်တပ် ဒေါ်အောင်ဆန်းစု ကြည်ပုံနဲ့ ဉီးဖြိုးမင်းသိန်းပုံအသုံးပြုပြီး နိုဝင်ဘာ ၁၉ ရက်ကမျှဝေထားခဲ့ရာမှာ တစ်ပတ်အတွင်း ဗွီဒီယိုကို ကြည့်ရှူ့သူ တစ်သိန်း ၄ သောင်းကျော်ရှိ ပါတယ်။တကယ်တော့ ခေါင်းစဉ်ပါအချက်အလက်တွေဟာ မှားယွင်းတဲ့ အချက်အလက်တွေဖြစ်ပြီး ဗွီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေဟာလည်း ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်း အရာတွေကို ဗွီဒီယိုအနေနဲ့ မျှဝေထားခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ သမ္မတဘယ်သူကို အဆိုပြုမယ်ဆိုတာ ပါတီဘက်က တိတိပပထုတ်ဖော်ပြောကြားထားတာမျိုးမရှိသေးပါဘူး။ ဉပမာအားဖြင့် နိုဝင်ဘာ ၂၄ ရက်က ဘီဘီစီမြန်မာပိုင်းနဲ့ တွေ့ဆုံမေး မြန်းခန်းမှာ ရန်ကုန်ဝန်ကြီးချုပ်ကို ဘယ်လိုရွေးချယ်မလဲလို့ မေးမြန်းရာမှာ ဒေါက်တာဇော်မြင့်မောင် က “ဝန်ကြီးချုပ်ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းထဲက ရွေးရမှာဖြစ်ပါတယ်” လို့သာပြောကြားခဲ့ပြီး “ဘယ်သူဖြစ်မယ် ဘယ်ဝါဖြစ်မယ်ဆိုတာကတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး”လို့ ပြောကြားခဲ့တာတွေ့ရ ပါတယ်။
မူရင်းလင့်ခ် – BBC | Archive link
မြန်မာနိုင်ငံမှာ “အစိုးရဘယ်လိုဖွဲ့သလဲ”၊”သမ္မတကို ဘယ်လိုရွေးသလဲ”ဆိုတာကို ဒီနေရာနဲ့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
Top MM Channel အမည်နဲ့ youtube channel ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို ဗွီဒီယိုပုံစံဖြင့် ထုတ်လုပ်ပြီး လူအများကို လှည့်စားဆွဲဆောင်နိုင်မယ့် ခေါင်းလွဲခေါင်းစဉ်မှားတွေတပ်ပြီး မျှဝေနေခြင်းဖြစ်ပါတယ်။

Title:လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်လွဲမှား တွေတပ်ပြီး ဗွီဒီယိုတွေဖြန့်ဝေနေတဲ့ Top MM Channel ယူကျူ့စာမျက်နှာ
Fact Check By: Nayar MaungResult: Misleading