
အခြားသူတွေကို တစ်အိမ်ထောင်ငွေကျပ် ၂ သောင်းပဲထောက်ပံ့ပေမဲ့ ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ ဆီတစ်ပုံးနဲ့ ပိုက်ဆံထောက်ပံ့ကြေးသိန်းချီပေးနေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ နိုင်ငံတော်က အခြေခံလူတန်းစားတွေအတွက် ငွေနှစ်သောင်းထောက်ပံ့နေချိန်မှာ ဘင်္ဂါလီတွေ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်၊ဆီတစ်ပုံး၊ ငွေတစ်သိန်းအပြင် နေ့စဉ်ဟင်းချက်စရာအတွက် တစ်ဦး တစ်ထောင် နှုန်းပေးတယ် ဆိုပြီးတော့ မွတ်ဆလင်တွေကို ဆန်အိတ်တစ်အိတ် ပေးနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ တကွ မျှဝေနေတာ ဖြစ်ပါတယ်။
သို့သော်လည်း အထက်ပါအတိုင်း ပြောဆိုမျှဝေနေမှုဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံဟာ အစိုးရက COVID-19 ကပ်ရောဂါကာလ အခြေခံလူတန်းစားတွေကို ထောက်ပံ့ ကြေးပေးအပ်မှုနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်နဲ့ ဗွီဒီယိုဖိုင်ပို့စ်ဟာ အစိုးက ပထမအကြိမ် ရိက္ခာထောက်ပံ့မှု စတင်ပေးချိန် ဧပြီ ၁၁ ရက်က တည်းက မျှဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်း၊ အဓိကစကားလုံးတွေ အသုံးပြုရှာဖွေနည်းနဲ့ ရှာဖွေကြည့်ရာမှာ မွတ်ဆလင်တွေကို ဆန်အိတ်တစ်အိတ် ပေးအပ်နေပုံဟာ ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်ကနေ့က အစောဆုံး မျှဝေထား တာတွေ့ရပါတယ်။ ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ သတင်းဌာနကနေ ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ အကြမ်းဖက်ဖြစ်စဉ်များအတွင်း ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ရတဲ့ မောင်တောမြို့နယ် ရွာသစ်ရွာက အိမ်ထောင်စု ၂၂ စုအတွက် အိမ်နဲ့ ဆန်၊ဆီနဲ့ အစားအစာ၊ အဝတ်အစား၊ စောင်စတဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးအပ်တုန်းက ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။

မူရင်းလင့်ခ် – GNLM | Archive link
အလားတူပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုမှာ ဝင်ရောက်လာတဲ့ “ဘင်္ဂလားဒေ့ရှ်တွေကို အဆောက်အဉီးနဲ့ လောလော လတ်လတ် နိုင်ငံတော်ကနေပြီးတော့ ဆန်တစ်အိတ်၊ ငွေသုံးသိန်း လူမှုဖူလုံရေးဝန်ကြီးက ပေးထားပါတယ်”လို့ ပြောကြား ထားတာ တွေ့ရပါတယ်။ ဒီလိုပြောဆိုချက်နဲ့ပတ်သက်ပြီး “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန”ရဲ့ hotline ဖုန်းကို အောက်တိုဘာ ၁၃ ရက်က Fact Crescendo Myanmar က ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူက အောက်ပါအတိုင်း ပြောပါတယ်။
“မရှိပါဘူးရှင်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ပတ်သက်ပြီးတော့မှ ၁၅ ရက် ၉ လပိုင်းတုန်းက နောက်ဆုံးပိတ်ခဲ့ပါပြီ။ လျှောက်ထားနိုင်ပါတယ်ဆိုပြီတော့ ငွေဗိုက် application လေးရှိပါတယ်။ အဲဒါကတော့ တစ်လထဲ တစ်ကြိမ်ထဲ သုံးသောင်း ထောက်ပံ့တာပါ။ အဲဒီအစီအစဉ်က ပြီးသွားပါပြီရှင့်။ နောက်တစ်ခါ သက်ကြီးရွယ်အိုနဲ့ပတ်သက်ပြီးတော့ ၉ လပိုင်းနောက်ဆုံးထောက်ပံ့တာရှိပါတယ်။ အဲဒီဟာလည်းပဲ ၉ ပိုင်းနောက်ဆုံးပတ်အတွင်းအပြီးထောက်ပံ့မှာလို့ပြောထားတဲ့အတွက် အဲဒါကလည်း ပြီးသွားပါပြီး။ နောက် တစ်ခုက မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီးထောက်ပံ့ပေးတာရှိပါတယ်။ အခု လတ်တစ်လောထောက်ပံ့ပေး တာကတော့ အဲဒီ ၃ မျိုးပဲရှိပါတယ်။”
ဒီဗွီဒီယိုထဲမှာပါတဲ့ ဗွီဒီယိုအစိတ်အပိုင်းအများစုဟာ ရခိုင်အခြေစိုက် DMG သတင်းဌာန ဧပြီ ၉ ရက်မှာ တင်ဆက် ခဲ့တဲ့ “COVID-19 ဖြစ်ပွားနေတဲ့ကာလမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူတွေကို လက်ခံနေတဲ့အပေါ် မောင်တော ဒေသခံတွေ စိုးရိမ်နေ”ဆိုတဲ့သတင်းက ဗွီဒီယိုဖိုင်ကို ဖြတ်ဆက်လုပ်ပြီး အသုံးပြုထား တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ ဆီတစ်ပုံးနဲ့ ပိုက်ဆံထောက်ပံ့ကြေး သိန်းချီပေးနေတယ်ဆိုတဲ့အချက်ဟာ အထောက်အထားမရှိပါဘူး။

Title:ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ဆီတစ်ပုံးနဲ့ပိုက်ဆံ သိန်းချီ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Misleading