
KIA တပ်မဟာ ၈ ဗုံးကြဲတိုက်ခိုက်ခံရပြီး KIA နဲ့ PDF ၈၃ ယောက်သေဆုံးခဲ့ကာ လက်နက်တိုက်အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံခဲ့ပါတယ်။ ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ KIA တပ်မဟာ ၈ ကို တိုက်ခိုက်နေတဲ့ပုံအဖြစ် တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ပုံ၊ မြေပြင်ဓာတ်ပုံနဲ့ စစ်သားတွေ မြန်မာအလံကိုင် အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။
KIA တပ်မဟာ ၈ ကို စစ်တပ်က ညပိုင်းမှာ လျှပ်တပျက်ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ဓာတ်ပုံတွေဟာ အကြောင်းအရာအသီးသီးနဲ့ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ KIO တာဝန်ရှိသူက ငြင်းဆိုထားတာတွေ့ရပါတယ်။
အောက်ပါ screenshot ကတော့ ဒီလိုပြောဆိုချက်တွေပါဝင်ပြီးပို့စ်ခုပါ။

မူရင်းလင်ခ့် – FB link | Archive link
အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဩဂုတ် ၂၄ ရက် ညပိုင်းမှာ KIA တပ်မဟာ ၈ နယ်မြေမှာ KIA နဲ့ PDF ရှိတယ်ယူဆရတဲ့နေရာတွေကို စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ တာကို မီဒီယာတွေမှာဖော်ပြပါတယ်။ သို့သော်လည်း ဒီလိုလာရောက် ပစ်ခတ်သွား တာကြောင့် ထိခိုက်မှုမရှိဘူးလို့ KIA တာဝန်ရှိသူကို ကိုးကားပြီး ကချင်သတင်းဌာနတစ်ခုဖြစ်တဲ့ Kachin News Group ကရေးသားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒီတိုက်ခိုက်မှုအတွင်းမှာထိခိုက်မှုမရှိကြောင်း မဇ္ဈိမသတင်းဌာနကိုလည်း KIA တာဝန်ရှိသူက ထိခိုက်မှုမရှိကြောင်းဖြေဆိုထား တာတွေ့ရပါတယ်။
Google မှာဓာတ်ပုံတွေရှာကြည့်ရာမှာတော့ အင်တာနက်မှာ နှစ်နဲ့ချီပြီးပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။
စစ်သားတွေအောင်ပွဲခံနေတဲ့ဓာတ်ပုံကို Timeayeyar ရဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က သတင်းတစ်ပုဒ်မှာ တွေ့ပါတယ်။ ပွိုင့်-၇၆၈ (KIA အခေါ် လိုင်ဖောင်)စခန်းနဲ့ ပတ်ဝန်းကျင်စခန်းငယ် တွေကနေ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက် အမြားသိမ်းဆည်းရမိတယ်ဆိုတဲ့ သတင်းမှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – Timeayeyar | Archive link
တောတွင်းတစ်နေရာမှာရှိတဲ့ ထရပ်ကားအပြာရောင်တွေအနီးမှာ မီးခိုးအူနေတဲ့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းက ကေအိုင်အေ တပ်ရင်း ၁၂ အခြေစိုက်စခန်းတွေကို စစ်တပ်က သိမ်းပိုက်ခဲ့စဉ်ကဓာတ်ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – RFA| Archive link
သုံးသပ်ချက်
KIA တပ်မဟာ ၈ ဟာတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာမှန် လူမှုကွန်ယက်အသုံးပြုသူတွေ အကြားဖြန့်ဝေ နေတဲ့ KIA နဲ့ PDF အမြောက်အများသေဆုံးခဲ့သလို KIA ရဲ့ လက်နက်တိုက်နဲ့ အဆောက်အဦးအမြောက်အများ ပျက်စီးပြီး တပ်မဟာ ၈ နေရာပြောင်းရွှေ့ထွက်ပြေးရတယ်လို့အထောက်အထားမတွေ့ရပါဘူး။ ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာပါတဲ့ KIA တပ်မဟာ ၈ ကို တိုက်ခိုက်နေတဲ့ပုံအဖြစ် တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ပုံ၊ မြေပြင်ဓာတ်ပုံနဲ့ စစ်သားတွေ မြန်မာအလံကိုင် အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေဟာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက ဓာတ်ပုံတွေသာဖြစ်ပါတယ်။

Title:Fact Check: KIA တပ်မဟာ ၈ ဗုံးကြဲမှုအတွင်း KIA နဲ့ PDF ၈၃ ယောက်သေဆုံးမှု သတင်းမှား
Fact Check By: Nayar MaungResult: Misleading