
မိုးကုတ်မြို့အလွန်မှာ တပ်မတော်နဲ့ တအောင်းလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နောက် မန္တလေး ကနေ မိုးကုတ်ကိုသွားတဲ့ တပ်မတော်က တင့်ကားတွေဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေနေတာ တွေ့ရပါတယ်။
တင့်ကားတွေအတန်းလိုက်ပါဝင်တဲ့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့ တင့်ကားတွေလို့ ရေးသားလျက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တိုက်ဖို့အတွက်ဆိုပြီးတော့ မျှဝေနေတာတွေ့ရပါတယ်။
သို့သော်လည်း မျှဝေလျက်ရှိတဲ့ ဓာတ်ပုံတွေဟာ ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲများအတွင်းက ဓာတ်ပုံ တွေဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို Fact Crescendo Myanmar က တွေ့ရှိရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ည က မိုးကုတ်မှာ တိုက်ပွဲတွေ ဖြစ်တော့ လပခ စစ်ဌာနချုပ်လက်အောက်မှာ ရှိတဲ့ တင့်ကားတပ်တွေကနေ BTR-3U တွေ Assaulter တွေ စတဲ့ သံချပ်ကာတပ်တွေ ညတွင်းချင်း မိုးကုတ်မြို့ဆီ အရောက် ချီတက်သွားကြပီး မြို့ထဲနဲ့ မြို့နီးချုပ်စပ်ရွာ တွေမှာ သံချပ်ကာကားတွေ တပ်ဖြန့်ချထား လိုက်ပါပြီ… အခုတလော ဇောင်းထနေတဲ့ မျောက်တွေအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ဆောင်ရွက်လျက်ရှိ တပ်မတော်ဆိုတာ ပြည်သူအတွက်ထီးပါပဲ… အမြဲတမ်း အမိုးအကာ တံတိုင်းကြီးတွေလို ရှေကနေ မားမားမတ်မတ် ရှိနေမှာပါ… ဖိုက်တင်း မိုးကုတ်…”လို့ ရေးသား မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာပုံရှာနည်း၊ အဓိကစကားလုံးတွေ အသုံးပြုရှာဖွေနည်းနဲ့ ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။

“ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို မြန်မာတပ်မတော်က အင်အားနှင့်တိုက်ခိုက်မှု”လို့ ဘာသာပြန်ဆိုနိုင်မယ့် ခေါင်းစဉ်နဲ့ တရုတ်ဝက်ဘ်ဆိုဒ်မှာ ဒီဓာတ်ပုံကို ၂၀၁၅ ခုနှစ် မတ် ၂၇ ရက်က တင်ထားတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – Mil.news.sina.com.cn | Archive link
အလားတူနောက်ထပ် လျှပ်စစ်ဓာတ်အားတိုင်တွေနောက်ခံနဲ့ တင့်ကားများတန်းစီထားတဲ့ ပုံကိုလည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ပွဲတွေကြောင့် မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည် ၁၅၀၀၀ ရှိဆိုတဲ့သတင်းမှား ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – Ngaolaimedia | Archive link
ထို့အပြင် နိုဝင်ဘာ ၂၇ ရက်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲအစမှာ တပ်မတော် သတင်း မှန်ပြန်ကြားရေး အဖွဲ့ဉက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ၁ လအတွင်း တိုင်းရင်းသား လက်နက် ကိုင်များနဲ့ တိုက်ပွဲအခြေအနေကို အောက်ပါအတိုင်းပြောကြားခဲ့တာတွေ့ရပါတယ်။
“အောက်တိုဘာလ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ထိတွေ့တိုက်ပွဲ TNLA နဲ့တစ်ကြိမ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ TNLA နဲ့ ၆ ကြိမ်၊ MNDAA နဲ့ ၃ ကြိမ်ထိတွေ့မှုများ ဖြစ်ပွားခဲ့ပါတယ်”
ဒီသတင်းစာရှင်းလင်းပွဲမှာ TNLA(တအောင်းလက်နက်ကိုင်အဖွဲ့) နဲ့ထိတွေ့မှုကို ပုံမှန်ထိတွေ့မှုသဘောပဲပြော သွားတာတွေ့ရပြီး နိုဝင်ဘာ ၂၇ ရက်အထိ ဆက်တိုက်ဖြစ်ပွားနေသလို ရှင်းလင်းသွားခြင်းမရှိတာတွေ့ရပါတယ်။ တပ်မတော်အနေနဲ့ လိုအပ်တဲ့ လုံခြုံရေးအတွက် တင့်ကားအပါအဝင် တပ်ပြောင်းရွေ့ချထားနိုင်ပေမဲ့ ဓာတ်ပုံတွေ က လက်ရှိအဖြစ်အပျက်နဲ့သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။
“မိုးကုတ်နှင့် မိုးမိတ်ဒေသတွင် တပ်မတော်နှင့် TNLA စစ်ရေး တင်းမာနေဆဲ”လို့ 7day သတင်းဌာနက နိုဝင်ဘာ ၂၆ ရက်က ရေး သားခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ တပ်မတော်နဲ့ တအောင်းလက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် မန္တလေးကနေ မိုးကုတ်ကို သွားတဲ့တင့်ကားတွေအဖြစ်မျှဝေနေတဲ့ ပုံဟာ ၂၀၁၅ ခုနှစ်ကိုးကန့်လက်နက်ကိုင်များနဲ့ တိုက်ပွဲများအတွင်း ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Title:၂၀၁၅ ခုနှစ်အတွင်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲများ အတွင်းက ပုံတွေကို TNLA နဲ့တိုက်ဖို့ မန္တလေးကနေ မိုးကုတ်ကို သွားတဲ့တင့်ကားတွေ အဖြစ်မျှဝေနေ
Fact Check By: Nayar MaungResult: Misleading