Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။

လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။ 

“ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ…..

ပြင်ထားပေတော့ !!!

UEC..ရေ

၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ

၁-၃-၂၀၂၁လွတ်တော်အစိုးရအသစ်ဖွဲ့စည်း

၂လ/အာဏအရှိသူကတော့ ကာချုပ်ပါ

(တစ်ချို့နိူင်ငံက သမ္မတပါ)

အခုတည်းက ကာလုံ ခေါ်ထားတာလည်းကောင်းပါတယ်

1/1/2021NLDအစိုးရသက်တမ်းကုန်ပြီ

1/3/2021 အထိ..မြန်မာပြည်.အချုပ်အခြာအာဏာ.ကာချုပ်လက်ထဲ

၂လရောက်မည်…..သေပြီ

..UEC..

ဘာတွေဆက်ဖြစ်မလဲ…….

အင်းစိန်မှာတော့…မဆန့်မှာ စိုး…

စုပြုံတိုးမှာတော့သေချာသည်

ပြည်သူတွေရွှင်လန်းချမ်းမြေ့ပါစေ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “Ye YintHtet”၊“Sitt Minn”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေနှင့်တကွ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံးအနေနဲ့ ဒီလိုရေးသားမျှဝေနေချက်ဟာ လုံးဝအထောက်အထားမရှိတာတွေ့ရပါတယ်။ အခြားသော သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေသော သတင်းဌာနတွေမှာ ဒီလိုသတင်းရေးသားချက်မျိုးတစ်စုံတစ်ရာ မတွေ့ရပါဘူး။ ထို့အပြင် “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရေးသားမျှဝေထားတဲ့ ပို့စ်ရဲ့ အစပိုင်းမှာ ““ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ.” လို့အစချီရေးသားထားပေမဲ့ “အခုတည်းက ကာလုံ ခေါ်ထားတာလည်းကောင်း ပါတယ်”လို့လည်း ရေးသားထားပါတယ်။

ဆက်လက်စစ်ဆေးကြည့်ရအောင်ပါ။

အစိုးရသက်တမ်းနဲ့ ပတ်သက်ပြီး အခြေခံဉပဒေမှာ တိတိကျကျပြဌာန်းထားတာတွေ့ရပါတယ်။ အခြေခံဉပဒေ အခန်း(၃) ပုဒ်မ ၆၁ မှာ သမ္မတ၊ ဒုတိယသမ္မတတွေရဲ့ သက်တမ်းဟာ ၅ နှစ်ဖြစ်တယ်လို့ ပြဌာန်းထားပြီး ယင်းရာထူးကို နောက်ထပ် သမ္မတ၊ ဒုတိယသမ္မတတွေရွေးချယ်တင်မြှောက်ပြီးချိန်အထိ တာဝန်ထမ်းဆောင်ရ မယ်လို့ ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – President Office  |  Archive link

လက်ရှိအစိုးရအဖွဲ့ဟာ  ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်မှာ တာဝန်တွေလွဲပြောင်းရယူခဲ့တာဖြစ်တဲ့အတွက် ၂၀၂၁ မတ် ၃၀ ရက်မှသာ ငါးနှစ်သက်တမ်းပြည့်မှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ဇန်နဝါရီမှာ သက်တမ်းကုန်မယ်ဆိုတဲ့ အချက်အလက်ဟာ မှားယွင်းနေတာတွေ့ရပါတယ်။ ထို့အပြင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ လက်ရှိအစိုးရကို  ရွေးချယ်ခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်ကို စတင်ခေါ်ယူခဲ့တာတွေ့ရပါတယ်။

လက်ရှိအစိုးရရဲ့ ၅ နှစ်နီးပါးသက်တမ်းအတွင်းမှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ခေါ်ဆိုခဲ့ခြင်းမရှိတာ တွေ့ရပြီး နိုင်ငံတော် သမ္မတရုံးရဲ့ တရားဝင်ထုတ်ပြန်ချက်တစ်စုံတစ်ရာလည်းမရှိပါဘူး။

ထို့အပြင် နိုင်ငံတော်သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တစ်နိုင်ငံလုံးအတိုင်အတာနဲ့ အခြေခံဉပဒေ အခန်း(၁၁) အရေးပေါ် ကာလဆိုင်ရာပြဌာန်းချက်များမှာပါရှိတဲ့ ပုဒ်မ ၄၁၇ အရသာ တာဝန်အပ်နှင်းနိုင်ပါတယ်။ ယင်းပုဒ်မကတော့ ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနဲ့ အဓမ္မနည်းလမ်းဖြင့် အာဏာရယူခြင်း၊ အာဏာရယူရန် ကြိုးပမ်းခြင်းဆိုတဲ့ အချက်ပဲဖြစ်ပြီးအောက်ပါအတိုင်းရေးသားထားပါတယ်။

“နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းတွေ့ရှိလျှင် နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဉပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ယင်းအမိန့်တွင် အရေးပေါ်အခြေအနေအကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်းဖော်ပြရမည်။”

သုံးသပ်ချက်

အထက်ပါအချက်အလက်ရ အစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့ အထိ ၂ လတာအုပ်ချုပ်မယ်ဆိုတာ သတင်းတုသတင်းမှားတစ်ခုဖြစ်ပါတယ်။

Avatar

Title:ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *