
COVID-19 ကူးစက်မဖြစ်စေဖို့အတွက် တပ်မတော်(ရေ)က ဘင်္ဂလား-မြန်မာနယ်စပ်မှာ ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေ သယောင် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတဲ့ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ လက်ခံဖို့ချပြထားသော ဘင်္ဂါလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည် ဘင်ဂါလီ မဝင်ရ ပိုးမပြန့်စေရ်”စသည်ဖြင့် ရေးသားထားပြီး “Win Htein Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

စက်တင်ဘာလထဲမှာ လူမှုကွန်ယက်အသုံးပြုသူထောင်နဲ့ချီပြီး မျှဝေထားတဲ့ အလားတူပို့စ်ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
တပ်မတော်ရဲ့ သတင်းတွေကို ပုံမှန်ထုတ်ပြန်နေတဲ့ “တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့”စာမျက်နှာမှာ ဒီလိုအလားဏ္ဌာန်တူ သတင်းမျိုးမတွေ့ရှိရပါဘူး။ ဓာတ်ပုံတွေကို Google မှာ ပုံပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံတွေဟာ COVID-19 ကာလမတိုင်ခင် ပြီးခဲ့တဲ့နှစ်အတွင်း တပ်မတော်(ရေ)ရဲ့ တရားဝင်စာမျက်နှာမှာ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး မျှဝေနေတာတွေ့ရပြီး နေရာဟာလည်း အခုပို့စ်မှာပြောနေသလို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဆိုတဲ့အထောက်အထားမရှိတာတွေ့ရပါတယ်။
စစ်ရေယာဉ်အုပ်စုဓာတ်ပုံ ၂ ပုံဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ “Individually , we are one drop.
Together we are an ocean”လို့ရေးသားပြီး မျှဝေထားတဲ့ပို့စ်မှာတွေ့ရပါတယ်။
ဒီထဲက ဓာတ်ပုံတစ်ချို့ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ ကျရောက်တဲ့ တပ်မတော်(ရေ)နေ့အခမ်းအနားက ပုံတွေဖြစ်တာတွေ့ရပါတယ်။ အဲဒီနေ့မှာ တပ်မတော်(ရေ)က အကြီးဆုံးစစ်သင်္ဘောဖြစ်တဲ့ မုတ္တမ စစ်ရေယာဉ် အပါအဝင်အခြား စစ်ရေယာဉ် ၇ စီး တပ်တော်ဝင်အခမ်းအနားကို ရန်ကုန်မြို့ သီလဝါက ရေတပ်သင်္ဘောကျင်းမှာ ကျင်းပခဲ့တာတွေ့ရပါတယ်။
အလားတူ ရေယာဉ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေပုံဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၈ ရက်က မျှဝေထားတဲ့ ပုံဖြစ်တာတွေ့ရပါတယ်။ “Mg Moe” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ပုံကို တပ်မတော်(ရေ) စာမျက်နှာက ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး မူရင်းပို့စ်မှာဖော်ပြချက်အရ ဘင်္ဂလာပင်အော်ထဲကနေရာ တစ်ခုခုမှာဖြစ်တာတွေ့ရပါတယ်။
ဘယ်ဘက်က ပုံဟာ ဘင်္ဂလီတွေကို ပစ်ခတ်မှုအဖြစ်ဖော်ပြနေတဲ့ ပို့စ်က ဓာတ်ပုံဖြစ်ပြီး ညာဘက်ကပုံကတော့ ၂၀၁၉ ခုနှစ်ထဲမှာတပ်မတော်ရေက ထုတ်ပြန်ခဲ့တဲ့ပုံဖြစ်ပါတယ်။ အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

စက်လှေပေါ်က လူ ၅ ဉီးဓာတ်ပုံကိုလည်း တပ်မတော်(ရေ)က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားတာတွေ့ရပြီး မြန်မာ့ရေပိုင်နက်အတွင်းမှာ စက်ပျက်ပြီး မျောပါလာတဲ့ သီရိလင်္ကာနိုင်ငံက ရေလုပ်သားငါးဦးရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
ဒီပုံနှစ်ခုကိုလည်း အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာ COVID-19 ကာလနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ တပ်မတော်(ရေ)က ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး လက်ရှိဖြစ်ပျက်နေ သယောင်ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ပါတယ်။

Title:ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေ တဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False