
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်း နုတ်ထွက်စာတင်လိုက် တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ တပ်မတော်မှ စုံစမ်းစစ်ဆေးဖို့ မဲစာရင်းစာရွက်စာတမ်းများတောင်းကြည့်စဉ်မှာ UEC ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်းနုတ်ထွက်သွားတာဖြစ်တယ် ပြောဆိုရေးသားမျှဝေနေတာ ဖြစ်ပါ တယ်။
ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
“UEC ကော်မရှင်မှ ခေါင်းဆောင်အပါဝင်
အဖွဲ့ဝင် ၆ ဦးထက်မနဲ နှုတ်ထွက်စာ တင်ခြင်း
တပ်မတော်မှ စုံစမ်းစစ်ဆေးရမည့် မဲစာရင်းစာရွက်
စာတမ်းများအား ဖြောက်ဖျက်ပစ်ပါက နိုင်ငံတော်
အာဏာ လိမ်လည်ရယူမှုဖြင့်သော်လည်းကောင်း၊
နိုင်ငံတော် လုံခြုံရေး ကျိုးပေါက်စေရန် ရည်ရွယ်
ချက်ဖြင့်သော်လည်းကောင်း ၊ အခြေခံဥပဒေပါ
လိုက်နာရမည့် ဥပဒေကြောင်းအရ –
အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆၈ နှစ်မှ ၉၀ နှစ်ထိ
ချမှတ်နိုင်ကြောင်း သိရ”လို့ ရေးသားလျက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ရွေးကောက်ပွဲအပြီးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများတွေကို စနစ်တကျနဲ့ ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း ထက် ဆန္ဒမဲပေးတဲ့သူအရေအတွက် ကပိုများခဲ့တယ် လို့ သတင်းမှားဖြန့်ခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်မှာ နိုင်ငံတော် အရေးပေါ်ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်လို့ သတင်းတုဖြန့်ဝေကာ အဲဒီနောက်မှာ ရွေးကောက်ပွဲကော်မရှင်ကို လုံခြုံရေးချပြီး စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပြီလို့ သတင်းမှား ဖြန့်ခဲ့ပါတယ်။ အဲဒီနောက် အောက်ခြေမှာ ဖြစ်ပျက်နေတာတွေဟာ UEC နဲ့မဆိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဉက္ကဌ ဦးလှသိန်းပြောတယ်လို့ သတင်းမှားဖြန့်ခဲ့ပြီး ဆရာ၊ဆရာမတွေ မဲခိုးပေးလို့ နာမည်ပျက် ရတာလို့ UEC ဉက္ကဌကပြောတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြန့်ဝေခဲ့ပါ သေးတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်း နုတ်ထွက်စာတင် လိုက်ဆိုတဲ့ပို့စ်တစ်ခုရဲ့ screenshot နဲ့အတူ ဒီဇင်ဘာ ၄ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က “သတင်းတုသတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ချက်”ဆိုပြီးတော့ အောက်ပါအတိုင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – UEC | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက် မနည်း နုတ်ထွက်စာတင်လိုက်တယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ဟာ သတင်းတု သတင်းမှား ဖြစ်တာတွေ့ရပါတယ်။

Title:ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၆ ဦးနုတ်ထွက် စာတင်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False