
လုံခြုံရေးအပြည့်ချပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ရွေးကောက်ပွဲမသမာမူအတွက် စစ်ဆေးနေပြီလို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို နိုဝင်ဝင်ဘာ ၁၆ ရက်က လူမှုကွန်ယက်အသုံးပြုသူ အချို့ ကမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေသူ ထောင်ဂဏန်းရှိခဲ့ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ အဓိကရုဏ်းနှိမ်နှင်းရေးကား၊ ရဲတပ်ဖွဲ့ဝင်တွေ အသင့်အနေအထားနဲ့ ဓာတ်ပုံ သုံးပုံပါဝင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမသမာမှုကို ရဲတပ်ဖွဲ့ လုံခြုံရေးချပြီး စတင်စစ်ဆေးပြီဖြစ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးမခြင်း အနိုင်အရှုံး တရားဝင် ကြေငြာခြင်းပြုမည်မဟုတ်ကြောင်း ရေးသားမျှဝေထားတာဖြစ်ပါတယ်။
ဒီရေးသားမျှဝေချက်ဟာ သတင်းတုဖြစ်ပြီး ဓာတ်ပုံထဲမှာပါတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲကားတွေဟာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရှေ့ ဆန္ဒပြစဉ်က ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးစဉ်က ဖြစ်တာကို Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီအသီးသီးရဲ့ ရွေးကောက်ပွဲရလာဒ်ကို ကြေညာပြီးဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာ ရေးသားမျှဝေမှုနဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီအသီးသီး ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
ဓာတ်ပုံတွေဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှာ သတင်းစာရှင်းလင်းပွဲကျင်းပခါနီး ရုံးရှေ့မှာ ရွေးကောက် ပွဲရလာဒ်နဲ့ ပတ်သက်ပြီး လူတစ်ချို့က ဆန္ဒပြစဉ်ကဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တစ်ယောက်က ဓာတ်ပုံရိုက်နေပြီး တစ်ယောက်က လမ်းရှင်းနေတဲ့ပုံဟာ Myanmar Pressphoto Agency က နိုဝင်ဘာ ၁၁ ရက်မှာ တင်ထားတဲ့ ဓာတ်ပုံ ၁၆ ပုံထဲက တစ်ပုံဖြစ်တာတွေ့ရပါတယ်။
“နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးကို လုံခြုံရေးတင်းကြပ်
Photo – Ko Ye / MPA
နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် နိုဝင်ဘာ ၁၁ရက်နေ့ နေ့လည်ပိုင်းက ဆန္ဒပြတာကြောင့် ကော်မရှင်ရုံး တဝိုက်ကို လုံခြုံရေးတင်းကြပ်စွာချထားခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ ပါတီဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူအယောက် ၃၀ က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။” လို့ရေးသားပြီး Myanmar Pressphoto Agency ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၁၁ ရက်က မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Myanmar Pressphoto Agency | Archive link
အခြားဓာတ်ပုံ ၂ ပုံမှာ နိုဝင်ဘာ ၁၂ ရက်က Myanmar Now သတင်းဌာက တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
“ရွေးကောက်ပွဲသည်တရားမမျှတမှုများရှိသည်ဆိုကာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နေပြည်တော်ရုံးရှေ.တွင် ပြည်ခိုင်ဖြိုးတာဝန်ရှိသူအချို.ဦးဆောင်ကာ ဆန္ဒပြမှုကြောင့် ယမန်နေ့က ရဲတပ်ဖွဲ. လုံခြုံရေးရယူခဲ့သည်ကို ယခုကဲ့သို့တွေ.ရှိရသည်။ နောက်ဆုံးရွေးကောက်ပွဲရလာဒ်များအရ ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကို တပ်မတော်အကူအညီနှင့် ပြန်လည်ကျင်းပရန် တောင်းဆိုထားသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ရွေးကောက်ပွဲပြန်လည်ကျင်းပမည်မဟုတ်ကြောင်း ရွေးကောက်ပွဲတရားမမျှတမှုဆိုသော စွပ်စွဲချက်များသည် အထောက်အထားမဲ့ အခြေအမြစ်မရှိစွပ်စွဲချက် များသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ဓာတ်ပုံ -ဉာဏ်လှိုင်လင်း/Myanmar Now”လို့ ရေးသားပြီး ဓာတ်ပုံ ၁၉ ပုံကို နိုဝင်ဘာ ၁၂ ရက်မှာ Myanmar Now ကမျှဝေထားပါတယ်။
မူရင်းလင်ခ့် – Myanmar Now | Archive link
လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်(သတင်းမှား)မှာပါတဲ့ ဓာတ်ပုံတွေနဲ့ Myanmar Now နဲ့ Myanmar Pressphoto Agency ကတင်ဆက်ခဲ့သတင်းဓာတ်ပုံတွေကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်လို့ နိုဝင်ဘာ ၁၀ ရက်မှာ သတင်းမှားသတင်းတုဖြန့်ခဲ့ပါတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ရဲတပ်ဖွဲ့လုံခြုံရေးအပြည့်ချပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ရွေးကောက်ပွဲမသမာမူအတွက် စစ်ဆေးနေပြီလို့ ရေးသားထားတဲ့ ပို့စ်ဟာ သတင်းတုသတင်းမှားဖြစ်ပါတယ်။

Title:လုံခြုံရေးအပြည့်ချပြီး UEC ကို ရွေးကောက်ပွဲ မသမာမူအတွက် စစ်ဆေးနေပြီဆိုတဲ့သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False