Fact Check: မန္တလေးကို KIA၊ PDF အင်အား ၂ သိန်းနဲ့ သိမ်းပိုက်မှု သတင်းတု

နိုင်ငံရေး | Politics

မန္တလေးကို KIA၊ PDF အင်အား ၂ သိန်းနဲ့ သိမ်းပိုက်လိုက်တယ်ဆိုတဲ့ ပို့စ်တခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ ထားရာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

ဗွီဒီယိုထဲမှာ မန္တလေးမှာ နေရာအနှံ့ KIA နဲ့ PDF အင်အား ၂ သိန်းနဲ့ နေရာယူသိမ်းပိုက်ထားတယ်လို့ ဆိုထားပေမဲ့ ဒီသတင်းအကြောင်း ဗွီဒီယိုတခုလုံးမှာမပါဝင်ပါဘူး။ ဒီလို မန္တလေးကို KIA နဲ့ PDF တွေ အင်အားအလုံးအရင်းနဲ့ စီးနင်းထားတဲ့အကြောင်း အခြားသော သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဖော်ပြချက် မတွေ့ရပါဘူး။

တကယ်တမ်း နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်နဲ့ ဗွီဒီယိုပါသတင်းတွေကတော့ “မန္တလေး၊ အောင်မြေသာစံ မြို့နယ်တွင် အရပ်ဝတ်ဖြင့် သွားလာ သတင်း စုံစမ်း နေသည့် နယ်ထိန်းရဲ မိုးစန်းဦးကို Generation Z Power မြို့ပြပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်မှု ပွဲချင်းပြီး သေဆုံး”၊ “မြန်မာ စစ်တပ် ၏ တိုက်ခိုက်မှုကြောင့် လိုင်ဇာ စစ်ဘေးရှောင်စခန်းမှ ကလေး၊ အမျိုးသမီးနှင့် ပြည်သူများသေဆုံးမှု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် စိုးရိမ်ထိတ်လန့်”၊ “အရှေ့အလယ်ပိုင်းဒေသတိုက်ခိုက်မှုကို စိုးရိမ်ကြောင်း စစ်ကောင်စီထုတ်ပြန်”စတဲ့ သတင်းတွေသာပါဝင်တယ်။ ဒီအထဲမှာခေါင်းစဉ်နဲ့ အနည်းငယ်သက်ဆိုင်တာဆိုလို့ နယ်ထိန်းရဲတဦး မန္တလေးမှာ ပစ်ခတ်ခံရမှုသာရှိတယ်။ 

သုံးသပ်ချက်

သတင်းဌာနအချို့မှာဖော်ပြခဲ့တဲ့ ရေပန်းစားခဲ့တဲ့ သတင်းအချို့ကို နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဗွီဒီယိုကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ မန္တလေးမြို့ကို KIA၊ PDF အင်အားအများအပြားနဲ့ သိမ်းပိုက်လိုက် တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: မန္တလေးကို KIA၊ PDF အင်အား ၂ သိန်းနဲ့ သိမ်းပိုက်မှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *