
မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့် ၂ ဦးကို ရခိုင့်တပ်တော်-AA က ပစ်သတ်လိုက်ပြီး စစ်သား ၃၂၀ ကို အရှင်ဖမ်းဆီးထားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ခေါင်းစဉ်တု အသုံးပြုပြီး လူတွေစိတ်ဝင်စားမှုရယူထားတဲ့ သတင်းမှားပို့စ်တစ်ခုသာဖြစ်ပါတယ်။
“Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ “လုပ်ရင်ပြတ်ပြတ်ပဲဟေ့#ရခိုင်ပြည်က စကစခန့် ဝန်ထမ်း အားလုံးဖမ်းမိန့်ပေးပြီ”စသည်ဖြင့်ရေးသားလျှက် ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူမှုပေါင်း ၇ ထောင်ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပြီး ဗွီဒီယိုကို ၂၄ နာရီအတွင်း ကြည့်ရှူမှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။
အချက်အလက်စိစစ်ချက်
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ဘာသာပြန်ဆောင်းပါး အဖြစ်ဖော်ပြခဲ့တဲ့ “NUG ခေါင်းဆောင်ပိုင်းက စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ဖို့ အချိန်ကျပြီ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါကို ပြန်လည်ဖော်ပြနေခြင်းဖြစ်ပြီး ဒီဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးခေါင်းဆောင်မျိုးဆက် ပြတ်နေတာကို အဓိကအားဖြင့် ထောက်ပြထားပြီး NUG ဟာ ထောက်ခံမှု အပြည့်အဝရှိပေမဲ့ PDF တပ်ဖွဲ့တွေကို စနစ်တကျ စုစည်းနိုင်ခြင်းမရှိတာကြောင့် အမေရိကန်ဆီက အကူအညီမျိုးရဖို့ခက်ခဲနေတဲ့အကြောင်းဖော်ပြချက်သာဖြစ်ပါတယ်။
နောက်ထပ် ဗွီဒီယိုပါအကြောင်းအရာဟာလည်း ဧရာဝတီတိုင်းမ်သတင်းဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖော်ပြခဲ့တဲ့ “ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထား”ဆိုတဲ့ သတင်းကိုဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။
သုံးသပ်ချက်
လူတွေစိတ်ဝင်စားမှုရယူဖို့အတွက် သတင်းခေါင်းစဉ်တုနဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းနဲ့ ဘာသာပြန်အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့် ၂ ဦးကို ပစ်သတ်လိုက်ပြီး စစ်သား ၃၂၀ ကို အရှင်ဖမ်းဆီးထားတယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုချက်မျိုး ရခိုင့် တပ်တော်-AA ကထုတ်ပြန်ချက်မျိုးမရှိသလို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေမှာလည်း မတွေ့ရပါဘူး။

Title:Fact Check: ဗိုလ်ချုပ်ကြီး ၂ ဦးကိုပစ်သတ်ပြီး စစ်သား ၃၂၀ ကို AA ဖမ်းဆီးထားတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading