
နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က တမင်လုပ်ကြံ တာလို့ တရုတ်ကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုပေးပြီး လူတွေလှည့်စားထားတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။
“Soha Nar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာ “နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရ သံအမတ်နဲ့ဝန်ထမ်း ၁၈ ဦးသေဆုံး စစ်တပ် တမင်လုပ်ကြံခြင်းလို့ တရုတ်ထုတ်ပြန် သေခြင်းနဲ့မိတ်ဆက်ပေးမည်ဟု ပြင်းထန်ပေါက်ကွဲ” စသည်ဖြင့် ရေးသားထားပြီး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ပြည်သွားတောင်းပန်ဖို့လုပ်ပေမဲ့ တရုတ်ကလက်မခံဘူးလို့လည်း ဆိုထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ “အပစ်ရပ်သက်တမ်း ၁ နှစ်တိုးတယ်လို့ စစ်ကောင်စီကြေညာ”၊ “နှစ်သစ်ကူးပွဲတော်မှာ လူစုလူဝေးအတွင်း တမင်ဖန်တီးတဲ့ ဖောက်ကွဲမှုတွေဖြစ်လာနိုင်တဲ့ပေါ် ပြည်သူတွေကို သတိရှိကြဖို့အတွက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း သတိပေး”၊ “ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃၃ နှစ်ထိချခံရတာကို နိုင်ငံတကာရှုတ်ချ”စတဲ့ သတင်းအကြောင်းအရာတွေကို ဖတ်ကြားနေခြင်းပဲဖြစ်ပါတယ်။
ဗွီဒီယိုအစမှာ “နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရ သံအမတ်နဲ့ဝန်ထမ်း ၁၈ ဦးသေဆုံး စစ်တပ် တမင်လုပ်ကြံခြင်းလို့ တရုတ်ထုတ်ပြန် သေခြင်းနဲ့မိတ်ဆက်ပေးမည်ဟု ပြင်းထန်ပေါက်ကွဲ”၊ ပို့စ်စာသားမှာ “မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်အထိသွားပြီး တောင်းပန်ဖို့လုပ်ပြီ”စသည်ဖြင့် ရေးသာထားပေမဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲ့ သက်ဆိုင်တာ တစ်စုံတရာမတွေ့ရှိပါဘူး။ သတင်းဟောင်းတွေကို ပြန်လည်ကူးယူဖြန့်ဝေရာမှာ တလွဲခေါင်းစဉ်တုနဲ့ လူတွေ စိတ်ဝင်စားအောင် ရေးသားမျှဝေနေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။ တစ်စုံတစ်ရာ ထုတ်ပြန်ချက် မရှိပါဘူး။ သတင်းဌာနတွေမှာလည်း တရုတ်သံရုံးဗုံးခွဲခံရတဲ့အကြောင်းဖြစ်စေ လူသေဆုံးမှုအကြောင်းဖြစ်စေ ဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
နှစ်သစ်ကူးညဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ညမှာ တရုတ်သံရုံးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံအမတ်နဲ့ ဝန်ထမ်းတွေသေဆုံးမှုဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

Title:Fact Check: နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False