
ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။
“စစ်ကောင်စီဗဟိုဘဏ်ကြငြာပြီ
ကျပ်၁သောင်းတန်ငွေမဲအဖြစ်ကြေငြာပြီ
မအလကြင်စိုး ငါးပါးမှောက်ပြီဟေ့”(မူရင်းရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။
အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ “ရန်ကုန်ခေတ်သစ်”သတင်းဌာနရဲ့ အမည်နာမနဲ့ ဆင်တူယိုးမှားတုပကာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်ကို လိုအပ်သလို လုပ်ကြံရေးသားဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်သေဓာတ်ပုံစာသားထဲမှာ ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာလိုက် တယ်လို့ဖော်ပြခဲ့ပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဒီလိုကြေညာတယ်ဆိုတဲ့အကြောင်းဖော်ပြချက်မတွေ့ရပါဘူး။
တကယ်တော့ ဗွီဒီယိုထဲမှာ အစီအစဉ်တင်ဆက်သူဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနက မေ ၃၀ ရက်မှာဖော်ပြခဲ့တဲ့ “နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေပြမှု အနည်းဆုံး ငွေကျပ်ဘီလီယံ ၁ သောင်းအထက်ရှိနေချိန် ဗဟိုဘဏ်က ငွေစက္ကူအသစ်များစွာ ထုတ်ပေး ထွက်ရှိ လည်ပတ်နေမှု ပုဂ္ဂလိကဘဏ်တချို့နှင့် စီးပွားရေးအသိုင်းအ၀ိုင်း အတည်ပြု”ဆိုတဲ့ သတင်းနဲ့ တခြားသတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အစိတ်အပိုင်းဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ရေးသားဖြန့်ချိလေ့ရှိတယ်။
ပြောဆိုချက်- ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ် စစ်ကောင်စီဗဟိုဘဏ် ကြေညာ

Title:Fact Check: ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False