
အမေရိကန်ပေးတဲ့ စက်သေနတ်တွေ ကရင်အမျိုးသားအစည်းအရုံး (KNU)က စတင်အသုံးပြုနေပြီဆိုတဲ့ ပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ KNU ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ အင်တာဗျူးကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်း ဖြစ်ပါတယ်။
“The Friday News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ “KNU ထံ အမေရိကန် ထောက်ပံ့မှု ရောက်ပြီဗျို့”လို့ ပို့စ်မှာရေးသားထားပြီး ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာ တော့ “အမေရိကန် စက်လက်နက်တွေ ၂၄ ရက်က KNU စတင်အသုံးနေပြီ KNU ကြေညာ”လို့လည်းရေးသား ထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)က ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနဲ့ မေးမြန်းထားတဲ့ဗွီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ဒီဗွီဒီယိုပါ အင်တာဗျူးထဲမှာ လက်နက်ပစ္စည်းအကြောင်း၊ အမေရိကန်ရဲ့ အထောက်အပံ့အကြောင်းမပါဝင်သလို ပြောကြားခဲ့ခြင်းမရှိပါဘူး။ လူစိတ်ဝင်စားမှုရရှိဖို့၊ လူတွေလှည့်စားဖို့အတွက် ခေါင်းစဉ်တု အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေ တဲ့ အဖွဲ့အစးည်းလည်း ဖြစ်ပါတယ်။
အမေရိကန်ကအတည်ပြုလိုက်တဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ(NDAA) မှာ မြန်မာနိုင်ငံက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ NUG၊ CRPH၊ CDM တို့ကို ထောက်ပံ့ကူညီဖို့နဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ PDF တွေကို လက်နက်မဟုတ်တဲ့အကူအညီပေးဖို့ တရားဝင် ကြေညာအတည်ပြု လိုက်ပါတယ်။ လက်နက်မဟုတ်တဲ့အကူအညီလို့ အတိအကျပါဝင်ပေမဲ့ အမေရိကန်ဆီက လက်နက် အထောက်အပံ့တွေရပြီဆိုပြီးတော့ အခုလို သတင်းတုဖြန့်ချိခဲ့ပါသေးတယ်။ Factcrescendo Myanmarက အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အမေရိကန်ဆီက လက်နက်တွေ KNU က စတင်အသုံးပြုနေပြီဆိုပြီး သတင်းခေါင်းစဉ်တုနဲ့ လူစိတ်ဝင်စားအောင်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ KNU ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲအပေါ်အမြင်နဲ့ ရပ်တည်ချက်ကို ဖော်ပြချက်သာဖြစ်ပါတယ်။ လွတ်လပ်တဲ့မီဒီယာတွေ မှာလည်း အမေရိကန်ဆီက လက်နက်အထောက်အပံ့တွေရတယ်ဆိုတဲ့ ဒီလိုဖော်ပြခြင်းမရှိပါဘူး။

Title:Fact Check: အမေရိကန်စက်လက်နက်တွေ KNU စတင်အသုံးပြုနေပြီဆိုတဲ့သတင်းမှား
Fact Check By: Zun ZeeResult: False