
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ မြေငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဆိုပြီးတော့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အက်ကွဲနေတဲ့ လမ်းမတွေ၊ ပြိုကျသွားတဲ့အဆောက်အဦးတစ်လုံး၊ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျမှုမြင်ကွင်းစတဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေပါဝင်ပြီး စုစုပေါင်း ၂ မိနစ် ၅၀ စက္ကန့်ရှည်လျားပါတယ်။ ဒီပို့စ်ကို တူရကီငလျင်ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်က မျှဝေထားရာမှာ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၂၅၀၀၀ က ပြန်လည်မျှဝေထားပြီး ကြည့်ရှု့မှုပေါင်း သန်းချီရှိပါတယ်။
“တူရကီနိုင်ငံနှင့်ဆီးရီးယားတို့တွင်
ကမ္ဘာ့အကြီးမားဆုံး
မြေငလျင်လှုပ်ခတ်ခြင်း
6•2•2023”စသည်ဖြင့် ရေးသားလျှက် “ဘုရားတရားသံဃာ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအစိတ်အပိုင်းအချို့ဟာ တူရကီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်က ဖြစ်စဉ်နဲ့ သက်ဆိုင်မှာ အစိတ်အပိုင်း အချို့ပါဝင်တာတွေ့ရပါတယ်။ သို့သော်လည်း အထက်မြင့် ကွန်ဒိုတိုက်တန်းအချို့ ပြိုကျမှုမြင်ကွင်းဟာ တရုတ်နိုင်ငံမှာ ဆောက်လက်စတိုက် ၁၅ လုံးကို ဖြိုချမှုမြင်ကွင်းဖြစ်ပါတယ်။ ဩစတေးလျအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ news.com.au သတင်းဌာနက ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ကဖော်ပြခဲ့တဲ့ အောက်ပါသတင်းဗွီဒီယိုမှာ ဒီမြင်ကွင်းကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – News.com.au | Archive link
“တရုတ်နိုင်ငံ ကူမင်းမြို့ရှိ Liyang Star City ပရောဂျက်၏ မပြီးဆုံးသေးသော အဆောက်အအုံ ၁၅ လုံးကို ဗုံးခွဲဖြိုချ”လို့ရေးသားပြီး ယူကျု့ချန်နယ်တစ်ခု ဒီကူမင်းက အဆောက်အဦး ၁၅ လုံး ၂၀၂၁ ခုနှစ်ထဲက ဖြိုချခဲ့ပုံကို ထောင့်ပေါင်းစုံကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုကို ဒီမှာကြည့်ပါ။
တူရကီနဲ့ ဆီရီယားမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပျိုကျမှုအဖြစ်ဖော်ပြထားတဲ့ ဗွီဒီယိုပါမြင်ကွင်းနဲ့ တရုတ်နိုင်ငံမှာ အဆောက်အဦး ၁၅ လုံးဖြိုချမှုမြင်ကွင်းအဖြစ်ဖော်ပြထားတဲ့မြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အွန်လိုင်းမှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတွေကို စုစုပေါင်းပြီးဖော်ပြထားရာမှာ တချို့သော ဗွီဒီယိုတွေ လတ်တလောက အဖြစ်အပျက်ဖြစ်တဲ့ တူရကီငလျင်နဲ့ ပတ်သတ်မှုရှိတာတွေ့ရပေမဲ့ အချို့သော ဗွီဒီယိုပါမြင်ကွင်းတွေဟာ တူရကီနဲ့ ဆီရီးယားမှာ ငလျင်ကြောင့် ပျက်စီးမှုနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Title:Fact Check: တရုတ်မှာ အဆောက်အဦးဖြိုချမှုဗွီဒီယိုကို တူရကီမှာ ငလျင်ကြောင့် ပြိုကျမှုအဖြစ် ဖြန့်ဝေ
Fact Check By: နေရာမောင်Result:Partly False