
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ခမရ ၅၅၀ တပ်ရင်းကို စစ်ကူလာပို့တဲ့ စစ်သား ၆၀ ပါတဲ့ ရဟတ်ယာဉ်ကို ရက္ခိုင့်တပ်တော်(AA)ကပစ်ချ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃၇၀၀၀ ကျော်ရရှိ ထားတယ်။
“ပုဏ္ဏားကျွန်းခမရ(၅၅၀)တပ်ရင်းကို စစ်ကူလာပို့တဲ့ အင်အား(၆၀)ပါ ရဟတ်ယာဉ်ပစ်ချလိုက်ပြီ AA လေယာဉ်ပစ်တွေထုတ်သုံးပြီဟေ့ ” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
Khit Thit Top News အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။
အခု ဗွီဒီယိုထဲမှာလည်း တကယ်တမ်းဖော်ပြထားတဲ့ သတင်းဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တခုတည်းကျန်ရှိနေတဲ့ ခမရ ၅၅၀ တပ်ရင်းအား AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
ဒီသတင်းတွေဟာ ရက္ခိုင့်တပ်တော်(AA)က မတ် (၁/၂) ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ပြန်လည် ဖော်ပြနေခြင်းဖြစ်တယ်။ မူလသတင်းထုတ်ပြန်ချက်မှာဖြစ်စေ သတင်းမီဒီယာတွေက မူလဖော်ပြချက်မှာ မှာဖြစ်စေ ဒီလို ရဟတ်ယာဉ်ပစ်ချခဲ့တဲ့အကြောင်းမပါဝင်ပါဘူး။ ဒီတိုက်ပွဲ သတင်းနောက်ဆက်တွဲကို မတ် ၄ ရက်က ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းကနေ ၁၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့တဲ့ အကြောင်းမပါဝင်ပါဘူး။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
Khit Thit Top News အမည်နဲ့ ယူကျူ့ချန်နယ်ကို အခုလိုပဲ လုပ်ကြံသတင်းခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ မူလထုတ်ပြန်ချက်မှာ ဖြစ်စေ မီဒီယာတွေမှာဖြစ်စေ ခမရ ၅၅၀ သိမ်းပိုက်မှုမှာ ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ ထုတ်ပြန်ချက် မတွေ့ရပါဘူး။

Title:Fact Check: ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ်ကို AA ပစ်ချတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading