မြန်မာနိုင်ငံကို R2P ဝင်ရောက်ဖို့ အတည်ပြုလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယခုရက်ပိုင်းမှာ ယူကျူ့မှာ ဖြန့်ဝေ လာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတွေသာဖြစ်တယ်။ R2P ဆိုတာကတော့ နိုင်ငံတနိုင်မှာ အုပ်ချုပ်သူအစိုးရတွေဟာ သူ့နိုင်ငံသားတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို တားဆီးရန် ပျက်ကွက်ရင် နိုင်ငံတကာကလည်း ဒီကိစ္စကို တားဆီဖို့ တာဝန်ရှိတဲ့အတွက် လိုအပ်ရင် စစ်ရေးနည်းလမ်းအထိ ရွေးချယ် နိုင်တယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။

“သန်ခေါင်ယံ အမိန့် R2P ဝင်မည်

မြန်မာ့အရေး R2P ခွင့်ပြုလိုက်ပြီ

စစ်အင်အား များပြားပြီး ပြည်သူတွေ အရေးပေါ်”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအ‌ရာဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ နိုင်ငံတကာက အရေးတယူရှိမှုအကြောင်းတွေ ဖော်ပြလေ့ရှိတဲ့ လူမှုကွန်ယက်အသုံးပြုသူတဦးရဲ့ ရေးသားချက်ကို ပြန်လည်‌ဖော်ပြနေခြင်းသာဖြစ်တယ်။ ဒီအရာဟာလည်း နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်တဲ့ “Global Center For The Responsibility To Protect(GCR2P)”အဖွဲ့ရဲ့ ဇွန် ၁၂ ရက်မှာ မြန်မာနိုင်ငံအပါဝင် ဆူဒန်နဲ့ အစ္စ‌ရေးရဲ့ ဂါဇာဒေသက ရက်စက်ကြမ်းကြုတ်မှုတွေ အကြောင်း စုစည်းဖော်ပြချက်ဖြစ်တဲ့ “Atrocity Alert No. 399”အကြောင်းဖော်ပြချက်သာဖြစ်တယ်။ ဒီလို ထုတ်ပြန်ချက်အကြောင်းအရာဟာ GCR2P ရဲ့ အပတ်စဉ်ဖော်ပြချက်တွေထဲက တခုဖြစ်ပြီး စစ်အာဏာသိမ်းအပြီးမှာ မြန်မာနိုင်ငံအနေနဲ့ ဒီလို ရက်စက် ကြမ်းကြုတ်မှု အသိပေးချက်မှာ မကြာခဏပါဝင်လာတာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ် မှုဖြစ်စဉ်တွေ ဖြစ်နေတဲ့အကြောင်း ဖော်ပြချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။

GCR2P က အရေးယူနိုင်သလား

ကုလသမဂ္ဂရဲ့ ပဋိဉာဉ်မှာ တနိုင်ငံရဲ့ အချုပ်အခြာအဏာကို တနိုင်ငံကလေးစားဖို့နဲ့ မကျူးကျော်‌ဖို့ဆိုတဲ့ သဘောတူညီချက်ကြောင့် နိုင်ငံတနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားနေပြီး အုပ်ချုပ်သူအစိုးရတွေဟာ သူ့နိုင်ငံသားတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပေမဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း တွေက တားဆီးနိုင်မှုမရှိဘဲ ခေတ်အဆက်ဆက် ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ရှု့ထောင်ကို ကုလသမဂ္ဂမှာ ဆွေးနွေးရာကြရာကနေ ၂၀၀၅ ခုနှစ်မှာ နိုင်ငံတနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးရေးသုတ်သင်ရှင်းလင်းမှုဖြစ်စဉ်တွေမဖြစ်အောင် ဟန့်တားဖို့ အချုပ်အာခြာအာဏာပိုင် နိုင်ငံတနိုင်ငံဟာ အဓိက တာဝန်ရှိသလို အခြားသောနိုင်ငံတွေကလည်း တူညီတဲ့ တာဝန်ရှိတယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့ကြတယ်။ GCR2P ဆိုတာကတော့ ဒီကတိကဝတ်ပေါ်မှာ အခြေခံပြီး နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတရပ်အနေနဲ့ နိုင်ငံတနိုင်မှာ အုပ်ချုပ်သူတွေဟာ လူမျိုး တုန်းသတ်ဖြတ်မှု၊ လူမျိုးရေး သုတ်သင် ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေမှုရှိမရှိ၊ တားဆီးရန် ပျက်ကွက်မှုရှိမရှိ စတာတွေကို စောင့်ကြည့်ပြီး အစီရင်ခံထုတ်ပြန်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ GCR2P ဟာ ဒီလို လူသားမျိုးနွယ် အပေါ်ကျူးလွန်မှုမြောက်ပဋိပက္ခတွေနဲ့ ရက်စက်အကြမ်းဖက်မှုတွေကို တပတ်တခါ အစီရင်ခံစာရေးသား ထုတ်ဝေလေ့ရှိပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအကြောင်းဟာ မကြာခဏပါဝင်လာပါတယ်။ သို့ပေမဲ့ GCR2P ရဲ့ အခန်းကဏ္ဏဟာ နိုင်ငံတနိုင်ငံဟာ လူသားမျိုးနွှယ်အ‌ပေါ် ရက်စက်ကြမ်းကြုတ်မှုမြောက်တဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းတင်ခြင်းအပါဝင် သက်ဆိုင်ရာ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းတွေကို အကြောင်းကြား အသိပေးတာ၊ မဖြစ်အောင်လှုံ့ဆော်တဲ့ အဖွဲ့အစည်းသာဖြစ်ပြီး ဒီလို လူသားမျိုးနွှယ်အ‌ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီလို နေရာမျိုးမှာ မှီတည်နေပါတယ်။

သုံးသပ်ချက်

ဇွန် ၁၂ ရက်မှာ မြန်မာနိုင်ငံအပါဝင် ဆူဒန်နဲ့ အစ္စ‌ရေးရဲ့ ဂါဇာဒေသက ရက်စက်ကြမ်းကြုတ်မှုတွေ အကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့တာမှန်ပေမဲ့ GCR2P ရဲ့ အခန်းကဏ္ဏဟာ နိုင်ငံတနိုင်ငံဟာ လူသားမျိုးနွှယ်အ‌ပေါ် ရက်စက်ကြမ်းကြုတ်မှုမြောက်တဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းတင်ခြင်းနဲ့ တားဆီးနိုင်တဲ့ အဖွဲ့အစည်းတွေကို စည်းရုံးလှုံဆော်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်သာရှိပြီး မြန်မာနိုင်ငံကို R2P ဝင်ရောက်ခြင်းဆိုရာမှာ စစ်ရေးအရ အရေးယူမှု ကြေညာခြင်းမျိုးမဟုတ်တာကို တွေ့ရပါတယ်။

Avatar

Title:Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့ အတည်ပြုဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Written By: နေရာမောင်

Result: Insight