
ရခိုင်မှာ ရခိုင့်တပ်တော်(AA)က စစ်သင်္ဘောကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံး ဓာတ်ပုံနဲ့ ရေနစ်သေဆုံးနေတဲ့ မြင်ကွင်းဓာတ်ပုံ ၂ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။
သတင်းမှားတခုဖြစ်ပြီး ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ ဒီလိုဖြန့်ချိလာတာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။
“ရေယဥ်ပေါ်ပါသွားတဲ့ တပ်မိသားစု မြင်ကွင်း နောက်ဆုံးပုံလေးပါ ငါ ကမ္ဘာမကြေဘူနော်
လက်နက်ကိုင်တဲ့လူအချင်းချင်းtaတာတောငါတို့လက်ခံတယ် မဟုတ်လား လက်နက်မပါတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ မှီခိုသူတွေ
သူတို့မှာ ဘာအပြစ်များရှိလို့လဲ အခုဟာက လူ၉ယောက်မဟုတ်ဘူ လူ၉၀၀”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၀၈ ခုနှစ် နာဂစ်အတွင်းက ဓာတ်ပုံနဲ့ ၂၀၁၇ ခုနှစ် ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှု အတွင်းကယ်ထုတ်ခဲ့ရတဲ့ စစ်သည်မိသားစုဝင်တွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
ပထမဆုံးဓာတ်ပုံကို Phyo Su Mon အမည်နဲ့ အိက်စ်(X)အကောင့်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်က မျှဝေထားတာတွေ့ရပါတယ်။ ၂၀၁၇ ဩဂုတ်လအတွင်းက မောင်တော- ဘူးသီးတောင် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း တောင်ဘဇားမှ စစ်တပ်မိသားစုတွေ ပြောင်းရွှေ့ပေးနေတဲ့ ဓာတ်ပုံဖြစ်တယ်လို့ ရခိုင်အခြေစိုက် ရခိုင်ဒေသသတင်းတွေကို ဖော်ပြနေတဲ့ နိရဉ္စရာသတင်းဌာနက ရေးသားတယ်။

မူရင်းလင်ခ့် – Original link | Archive link
နောက်ထပ်ဓာတ်ပုံဖြစ်တဲ့ ကလေးငယ်တွေအပါအဝင် ရေထဲမှာ သေဆုံးခဲ့ရတဲ့ ဓာတ်ပုံဟာ ၂၀၀၈ ခုနှစ် မေ ၂ ရက်မှာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာဒေသကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရမှု အကြောင်းရေးသားထားတဲ့ internetmap အမည်နဲ့ ဝက်ဘ်ဆိုဒ်မှာတွေ့ရပါတယ်။ ၂၀၀၈ ခုနှစ် မေ ၁၁ ရက်စွဲနဲ့ ကိုရီးယားဘာသာနဲ့ဖော်ပြခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။ အောက်ပါစခရင်ရှော့ ကတော့ Google Translate အသုံးပြုပြီး ကိုရီးယားဘာသာကနေ အင်္ဂလိပ်သာသာကို ပြန်ဆိုထားခြင်းဖြစ်တယ်။

သုံးသပ်ချက်
ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေက သတင်းမှား ဖြန့်ချိလာခြင်းဖြစ်တယ်။ ဓာတ်ပုံတွေဟာ နာဂစ်မုန်တိုင်းအတွင်းမှာ သေဆုံးခဲ့ရသူတွေနဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေအတွင်းက ဓာတ်ပုံတွေသာဖြစ်တယ်။
ပြောဆိုချက်- ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံးမြင်ကွင်းပုံ

Title:Fact Check: ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံးမြင်ကွင်းပုံလား- မဟုတ်ပါ
Written By: နေရာမောင်Result: False