
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တောင်ဥက္ကလာပ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြေအောက်တော် လှန်ရေးသမား ၂ ဦးက ဗုံးပစ်တိုက်ခိုက်ခဲ့စဉ်မှာ အနီးနားဘေးက ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တောင်ဥက္ကလာ ၁၄ ရပ်ကွက် သံသုမာလမ်းပေါ်က ငွေတောင်စားသောက်ဆိုင်မှ မြေအောက်တော်လှန်ရေး သမားတစ်ဦးကို ရိုက်နှက်ဖမ်းဆီး ခဲ့တဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတွေပျံ့နှံ့လျက်ရှိရာမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်ဘဲ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က လာရောက်စားသောက်သူတွေရဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံနှင့်အတူ ငွေတောင်စားသောက်ဆိုင်ဓာတ်ပုံ၊ ဆိုင်တည်နေရာတို့ကိုဖော်ပြထား တဲ့ ဓာတ်ပုံနဲ့အတူ “ကဲဘောင်ချာစုတ်လို့ရပြီနော်ငွေတာင်ကပါဝင်သူများ”လို့ ရေးသားပြီး “Bae” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီမျှဝေထားတဲ့ ဓာတ်ပုံထဲက အချို့ဟာ လွန်ခဲ့သည့် ၂၀၁၆ နဲ့ ၂၀၁၇ ဝန်းကျင်က ငွေတောင်စားသောက်ဆိုင်ကို သွားရောက်စားသောက်ကြောင်း ဖေ့စ်ဘွတ်မှာ Check In ဝင်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး လက်ရှိ အဖြစ်အပျက်နဲ့ မသက်ဆိုင်ကြောင်း ဓာတ်ပုံထဲကာယကံရှင်တွေက ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။
ပြန်လည်ရှင်းလင်းခဲ့တဲ့ အထဲမှာ “Sheim Min Aung” အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်လည်းပါဝင်ပြီး ၂၀၁၇ က ဒီစားသောက်ဆိုင်ကို သွားရောက်စားသောက်ရင်းတင်ထားတဲ့ပုံဖြစ်ပြီး သူအနေနဲ့ ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ မလေးရှားရောက်နေတာ ငါးလရှိပြီးလို့ ပြန်လည်ရှင်းလင်းထားသည်။ (ဒီလင့်ခ်မှာကြည့်ပါ)။
ဒီလိုပဲ လူငယ်စုံတွဲပုံဟာလည်း ၂၀၁၆ ခုနှစ်က ဒီစားသောက်ဆိုင်ကို သွားရောက်စားသောက်စဉ်က ဓာတ်ပုံဖြစ် တယ်လို့ “La Min Thura” အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ကလည်း ပြန်လည်ရှင်းလင်းထားသည်။ (ဒီလင့်ခ်မှာကြည့်ပါ)
“လင်္ကာညို”အမည်နဲ့ ဖေ့ဘွတ်အကောင့်ကလည်း ငွေတောင်စားသောက်ဆိုင်ဖြစ်စဉ်နဲ့ မသက်ဆိုင်ကြောင်းနဲ့ လွန်ခဲ့သော ငါးနှစ်က ဓာတ်ပုံဖြစ်တယ်လို့ ရှင်းလင်းထားတာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ)
အခြားသော လူအများဝိုင်းထိုင်နေတဲ့ဓာတ်ပုံဟာလည်း ၂၀၁၈ ခုနှစ်ကတည်းက ထိုဆိုင်သို့ရောက်ရှိနေကြောင်း ဖေ့စ်ဘွတ်မှာတင်ထားတဲ့ပုံဖြစ်တယ်လို့ မဇ္ဈိမရဲ့အချက်အလက်စိစစ်ချက်မှာဖော်ပြပါတယ်။
သုံးသပ်ချက်
ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းတွေဝိုင်းဝန်းဖမ်းဆီးရိုက်နှက်တဲ့ကိစ္စမှာ ပါဝင်သူတွေဆိုပြီး မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ အခင်းဖြစ်စဉ်မတိုင်ခင် ၅ နှစ်ဝန်းကျင်က ဆိုင်ကိုသွားရောက်စားသောက်စဉ်က တင်ထားခဲ့တဲ့ ဖောက်သည်အချို့ရဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ အခြားသော ပျံနှံ့လျက်ရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံကိုတော့ သက်ဆိုင်ခြင်းရှိမရှိ Fact Crescendo Myanmar အနေနဲ့ အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

Title:Fact Check: မြေအောက်တော်လှန်ရေးသမားကိုဖမ်းဆီးခဲ့တဲ့ ငွေတောင် စားသောက်ဆိုင် ဝန်ထမ်းတွေလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: Partly False