
မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူတွေရဲ့ တပ်မတော်ထောက်ခံပွဲလို့ရေးသားပြီး ဦးထုတ် အဖြူ ဆောင်းထားတဲ့လူငယ်အများအပြား စီတန်းလှည့်လည်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။
တကယ်တော့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းဆန္ဒပြပွဲတစ်ခုက ဓာတ်ပုံဖြစ်ပါတယ်။
“မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား/ကျောင်းသူများ တပ်မတော်ထောက်ခံပွဲတွင်ပဲဝင်ဆင်နွဲ
ပညာတတ်တွေပဲ တပ်မတော်ထောက်ခံတယ် နီးပေါတေသိဘို့”လို့
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံထဲမှာ “နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားကျောင်းသူဟောင်းများ”လို့ရေးသားထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက အွန်လိုင်းမှာပျံ့နှံ့လျက်ရှိတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

“Kay Thi Win”အမည်နဲ့ တွစ်တာအသုံးပြုသူက တူညီတဲ့ဓာတ်ပုံအပြင် အခြားသော ဓာတ်ပုံ ၃ ပုံကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်က အောက်ပါစာသားနှင့်အတူ ရေးသားမျှဝေထားပါတယ်။
“နည်းပညာတက္ကသိုလ်မှာကျောင်းသားများ စစ်အာဏာသိမ်းမှုကို ဆန္ဒပြပွဲတွင်ပါဝင်ခဲ့ကြသည်။ စစ်အာဏာရှင် အကြမ်းဖက်မှု
#Feb10Coup
#CrimesAgainstHumanity
#WhatsHappeningInMyanmar”

မူရင်းလင်ခ့် – Kay Thi Win | Archive link
ဓာတ်ပုံရဲ့နောက်ခံက မြင်ရတဲ့မြင်ကွင်းကို လေ့လာကြည့်မယ်ဆိုရင်လည်း ဆန္ဒပြသူတွေကို ရိုက်ကူးခဲ့တဲ့နေရာ ဟာ ရန်ကုန်မြို့ ဗဟိုလမ်းနဲ့ အင်းစိန်လမ်းကြားတစ်နေရာ ပါရမီလမ်းပေါ်က မြပါရမီဆေးရုံအနီးမှာ ဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟာ ရန်ကုန်မြို့က ပါရမီလမ်းပေါ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဲထ ဆန္ဒပြပွဲဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားတွေရဲ့ တပ်မတော်ထောက်ခံပွဲ ဆိုတဲ့ သတင်းတုသတင်းမှားဖြန့်ဝေ
Fact Check By: Nayar MaungResult: False