
ယခုနှစ် မြန်မာနှစ်ကူး သင်္ကြန်ကို စစ်တပ်က စည်စည်ကားကားကျင်းပဖို့ ကြံရွယ်ပြီး အထင်ကရမြို့ကြီးတွေမှာ မဏ္ဍပ်ကြီးတွေဆောက်လုပ်နေပေမဲ့ အများပြည်သူက သပိတ်မှောက်ထားတာကြောင့် လူသူကင်းမဲ့နေပါတယ်။ ဒီလိုအခြေအနေမှာ ရန်ကုန်နဲ့ မန္တလေးက မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်စည်ကားနေပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။
“ဟစ်တိုင် – အွန်လိုင်းသတင်းဌာန”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံ ၅ ပုံကို ယနေ့ (ဧပြီ ၁၃ ရက်)က အောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁၉၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ထို့အတူ ဒီစာမျက်နှာကပဲ“မန္တလေး မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ”လို့ရေးသားပြီး ဓာတ်ပုံ ၁၄ ပုံကို ထပ်မံမျှဝေထားပါသေးတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး အင်္ကျီချွတ်မျိုးသားတစ်ဦးကနေ ဓာတ်ပုံကို Tineye မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာ မှာ ၂၀၁၇ ခုနှစ်က သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာ ဒီပုံကို တွေ့ရပါတယ်။
Myanmarload အမည်နဲ့သတင်းဝက်ဘ်ဆိုဒ်က ၂၀၁၇ ခုနှစ် ဧပြီ ၁၃ ရက်က “လူမှုကွန်ရက်မှာ အပြောများနေတဲ့ ရန်ကုန်သင်္ကြန် ပထမဆုံးပုံရိပ်”လို့သတင်းခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံတွေကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – Myanmarload | Archive link
နောက်ထပ် မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲလို့ရေးသားပြီး မျှဝေထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ ဓာတ်ပုံတွေမှာမြန်မာသက္ကရာဇ်အနေနဲ့ “၁၃၇၈”၊ ဘယ်ဘက်မှာ “၂၀၁၇”ဆိုပြီးတော့ ရေးသားထားတာတွေ့ရ ပါတယ်။ ပို့စ်အောက်က မှတ်ချက်တွေအရ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားကလည်း ဒီရက်စွဲတွေကို သတိပြုမိကြတာကို တွေ့ရပါတယ်။
ဒီဓာတ်ပုံတွေထဲက ခုနှစ် သက္ကရာဇ်မပါတဲ့ မန္တလေးကျုံးထဲကရေပန်းတွေနဲ့ ကောင်းကင်ဓာတ်ပုံတစ်ခုကို ဧရာဝတီ သတင်း ဌာနရဲ့ “ဓာတ်ပုံများက ပြောသော ၂၀၁၇”ဆိုတဲ့ တစ်နှစ်အတွင်း အဖြစ်အပျက်တွေကို စုစည်းဖော်ပြထား တဲ့ ဓာတ်ပုံသတင်းတစ်ခုမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Irrawaddy | Archive link
သုံးသပ်ချက်
ဒီလိုရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်တွေအပေါ် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ မှတ်ချက်ကိုလေ့လာကြည့်ရာမှာ ဓာတ်ပုံဟောင်းတွေဖြစ်တယ်ဆိုတာကို သိရှိကြသလို အများစုက ရယ်စရာဆိုတာ နားလည်သဘော ပေါက်ကြ ပါတယ်။ သို့သော်လည်း ဖေ့စ်ဘွတ်အသုံးပြုသူအချို့အတွက် နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က ရန်ကုန်နဲ့ မန္တလေးမှာ သင်္ကြန်ဆင်ယင်ကျင်းပမှု မြင်ကွင်းဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနစ်ကရန်ကုန်နဲ့ မန္တလေးကသင်္ကြန်ကျခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေသာဖြစ်တယ်
Fact Check By: Nayar MaungResult: Missing Context