
စာသင်ကျောင်းမှာ အရက်ပုလင်းထောင်ကာဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို သေနတ်ထောက်ပြီး PDF တွေက အတင်းအဓမ္မ ဆန္ဒပြခိုင်းနေတယ်ဆိုပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။
တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က ရေဦးမြို့နယ်မှာ ကျွန်ပညာရေး သရုပ်ဖော်ဆန္ဒပြစဉ်က ဓာတ်ပုံတွေဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။
“Breaking News
PDF အကြမ်းဖက်များမှ စာသင်ကျောင်းမှာ မိုက်ကြေးခွဲ အရက်ပုလင်းထောင်ကာ
ဆရာ ဆရာမများနဲ့
ကျောင်းသူ ကျောင်းသားလေးများကို
သေနတ်ထောက်ကာ
အတင်းအဓမ္မ ဆန္ဒပြခိုင်”လို့ ရေးသားပြီး “Angelina Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
“Breaking News”လို့ရေးသားပြီးမျှဝေထားပေမဲ့ ဓာတ်ပုံရဲ့ ညာဘက်အောက်ထောင့်မှာ “2021/5/15”နေ့ အချိန်အားဖြင့် နေလည့်ပိုင်း “12:41”လို့ဖော်ပြထားတဲ့ ရက်စွဲကိုတွေ့ရပါတယ်။
Google မှာပုံရှာနည်း အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် မေ ၁၅ ရက် ရေဦးမြို့နယ်မှာ စစ်ကျွန်ပညာရေးအလိုမရှိဆိုပြီး ဆန္ဒပြစဉ်က ဓာတ်ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link
၂၀၂၁ ခုနှစ် မေ ၁၅ ရက်က “ရေဦးမြို့မှာ ကျွန်ပညာရေးစနစ် ပုံဖော် ဆန္ဒပြ”ဆိုပြီးတော့ RFA Burmese သတင်းဌာနကလည်း ဒီသတင်းကို ဖော်ပြခဲ့တာတွေ့ရပါတယ်။
သုံးသပ်ချက်
PDF တွေ သေနတ်ထောက်ပြီး စာသင်ကျောင်းအတွင်းမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေ အတင်းအဓမ္မဆန္ဒပြခိုင်းနေတယ်ဆိုပြီး မျှဝေထားတဲ့ ဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်အတွင်း ရေဦးမြို့နယ်မှာ ကျွန်ပညာရေးဆန္ဒပြသရုပ်ဖော်ကြစဉ်က ဓာတ်ပုံဖြစ်ပါတယ်။

Title:Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ ခုနှစ်အတွင်းက ကျွန်ပညာရေးကို သရုပ်ဖော် ဆန္ဒပြဓာတ်ပုံတွေသာဖြစ်ပါတယ်
Fact Check By: Nayar MaungResult: Misleading