
ကိုဗစ်နိုင်တင်း(COVID-19)ကာလအတွင်း စားဝတ်နေရေးအဆင်မပြေလို့ အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်အတွင်းအိန္ဒိယဘာသာရေးပွဲတော်တစ်ခုက ဗွီဒီယိုဖြစ်ပါတယ်။
“လက်ရှိ အန္တိယမှာ ရောဂါပြသနာကြောင့် စားဝတ်နေရေးအဆင်မပြေသောကြောင့် ကူညီမူလည်းမလုံလောက် ကာ အစားတစ်လုအတွက် အသက်ပါပေးပြီး လုယူမူကြိုးပမ်း”(မူရင်းအရေးအသား)လို့ရေးသားပြီး “သိပ္ပံကျကျသမ္မာကျမ်းစာ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်း ၂ ထောင်ရှိပြီး ဒီဗွီဒီယိုကို ကြည့်ရှူ့မှုအကြိမ်ရေ ၉ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။
Google Translate အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဟိန္ဒူရိုးရာဘာသာရေးပွဲတော်တစ်ခု ဖြစ်တဲ့ Chhath ပွဲတော်အတွင်းမှာ လူအစုလိုက်အပြုံလိုက်တိုးဝှေ့မှုကတစ်ဆင့် ကလေး ၂ ယောက်သေဆုံးခဲ့ရတဲ့ အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ရေးသားထားတဲ့ သတင်းမှာ ဒီဗွီဒီယိုကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်း ကြည့်နိုင်ပါတယ်။
မူရင်းလင်ခ့် – EmaaTimes bihar | Archive link
ကလေး ၂ ယောက်သေဆုံးပြီး လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အိန္ဒိယအခြေစိုက်The Hindu သတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို ဒီလင့်ခ်မှာလည်း တွေ့ရပါတယ်။ ကိုဗစ်ကာလအစပိုင်းမှာကတည်းက အိန္ဒိယမှာ ဆင်းရဲသားတွေအတွက် စားနပ်ရိက္ခာထောက်ပံ့တဲ့အစီအစဉ် တွေရှိထားပြီးဖြစ်ပြီး လုယက်စားသောက်နေရတယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။
သုံးသပ်ချက်
ဗွီဒီယိုဟာ အိန္ဒိယနိုင်ငံက ဟိန္ဒူရိုးရာဘာသာရေးပွဲတော်တစ်ခု ဖြစ်တဲ့ Chhath ပွဲတော်အတွင်းမှာ လူအစုလိုက် အပြုံလိုက်တိုးဝှေ့နေပုံဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာ တွေ့ရတဲ့ ကိုဗစ်ကာလနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Title:ဒီဗွီဒီယိုက အိန္ဒိယမှာ အစားအစာအတွက် လုယက်နေပုံမဟုတ်ပါ
Fact Check By: Nayar MaungResult: False