
အမျိုးသား၊အမျိုးသမီး အသက်ကြီးငယ်မရွေးကို အမျိုးသားတစ်ဦးက ကြိမ်တုတ်နဲ့ အားကုန်လက်လွဲရိုက်နေ တဲ့ဗွီဒီယိုဟာ အကြောင်းအရာအမျိုးမျိုးနဲ့ရေးသားဖြန့်ဝေမှုတွေနဲ့အတူ ပျံ့နှံမှုအားကောင်းနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။
ပြောဆိုချက် ၁
ဝက်လက်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းရှာဖွေဖို့လာရောက်တဲ့သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
ပြောဆိုချက် ၂
တပ်ထောက်ခံပွဲမှ ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီဗွီဒီယိုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကဖြစ်စဉ်ဖြစ်ပါတယ်။ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ အခြားနယ်ဘက်ကရွာခံတွေ ငါးတင်းကြီးရွာဘက်ကိုလာတဲ့အခါမှာ လုံခြုံရေးအသိ သတိရှိဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အပြစ်ပေးတဲ့ အနေနဲ့ တစ်ယောက်ကို ၃ ချက်စီ ရိုက်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ဖြစ်စဉ်လို့ ဘီဘီစီ မြန်မာပိုင်းကရေးသားပါတယ်။ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၂ လကျော်ကရိုက်ကူးခဲ့တာလို့လည်းဒီသတင်းမှာဖော်ပြပါတယ်။ ခင်ဦးမြို့နယ် ငါးတင်းကြီးရွာကို စစ်တပ် ဧပြီ ၃ ရက်မှာ မီးတင်ရှို့တဲ့သတင်းကို လွတ်လပ်တဲ့အာရှအသံရဲ့ ဒီလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် – BBC Burmese | Archive link
ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ကို Fact Crescendo Myanmar ကဆက်သွယ် အတည်ပြုခဲ့ရာမှာလည်း ဒီဖြစ်စဉ်ဟာ ဝက်လက်မြို့နယ်က ဖြစ်စဉ်မဟုတ်ကြောင်းနဲ့ လွန်ခဲ့တဲ့ ၃ လက ရွှေဘိုနယ်ကဖြစ်ကြောင်းအတည်ပြုပါတယ်။ ဝက်လက်မြို့နယ် ဟံလင်းကျေးရွာနဲ့ ခင်ဦးမြို့နယ် ငါးတင်းကြီး ကျေးရွာက အနည်းဆုံး ၆၇ ကီလိုမီတာကွာဝေးပါတယ်။

ဝက်လက်မြို့နယ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းကျေးရွာ ရှေးဟောင်းဇုန်အနီး ဒေသခံတွေ ရှေးဟောင်း ပစ္စည်းတူးဖော်နေတဲ့နေရာမှာ ဇွန်လကုန်ပိုင်းကတည်းက စစ်တပ်က တပ်စွဲ လုံခြုံရေးယူထားပါတယ်။
မူရင်းလင်ခ့် – Irrawaddy | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုဟာ ရှေးဟောင်းပစ္စည်းထွက်တဲ့နေရာကို ပစ္စည်းရှာဖွေဖို့လာရောက်တဲ့ သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတယ်ဆိုတာလည်းမဟုတ်သလို တပ်ထောက်ခံပွဲက ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတယ်ဆိုတာလည်းမဟုတ်ပါဘူး။ ဗွီဒီယိုဟာ ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက် စစ်တပ်ကမီးတင်ရှို့ခဲ့တဲ့ ခင်ဦးမြို့နယ် ငါးတင်းကြီးရွာက မီးကြွင်းမီးကျန်ပစ္စည်းကောက်ဖို့လာရောက်တဲ့ ဘေးရွာကလူတွေကို PDF က ရိုက်နှက်ခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ရွာသူရွာသားတွေကို PDF ကကြိမ်နဲ့ရိုက်တဲ့ဗွီဒီယိုနဲ့ပတ်သက်ပြီး သတင်းအမှားများပျံ့နှံ့
Fact Check By: Nayar MaungResult: Misleading