အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းခဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“မြန်မာနိုင်ငံ လူဉီးရေ ၁.၃ သန်းနီးပါး ရေဘေးကြုံတွေ့ရမယ့် အခြေအနေ (ရေထပ်ကြီးနိုင်တဲ့ ဒေသများ စာရင်း) သတိပေးနှိုးဆော်ချက်...😔 ဧရာဝတီတိုင်းအတွင်းမှ ဓနုဖြူ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ ကျောင်းကုန်း၊ လေးမျက်နှာ၊ မြန်အောင်၊ ညောင်တုန်း၊ ပန်းတနော်၊ သာပေါင်း၊ ရေကြည် နှင့် ဇလွန် စသည့်မြို့နယ်များ၊ ပဲခူးတိုင်းအတွင်းမှ ကြို့ပင်ကောက်၊ လက်ပတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်းနှင် ဇီးကုန်း စသည့်မြို့နယ်များ၊ ရန်ကုန်တိုင်းအတွင်းမှ မှော်ဘီ၊ ထန်းတပင်နှင့် တိုက်ကြီး စသည့်မြို့နယ်များ တွင် ရေမျက်နှာပြင်မြင့်တက်ခြင်း(ရေကြီး/ရေလွှမ်းမိုးခြင်း) ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းလိုက်ပါတယ်။”


မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဧရာဝတီတိုင်းမှာ ဓနုဖြူ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ ကျောင်းကုန်း၊ လေးမျက်နှာ၊ မြန်အောင်၊ ညောင်တုန်း၊ ပန်းတနော်၊ သာပေါင်း၊ ရေကြည်နဲ့ ဇလွန်၊ ပဲခူးတိုင်းက ကြို့ပင်ကောက်၊ လက်ပတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်းနဲ့ ဇီးကုန်း၊ ရန်ကုန်တိုင်းက မှော်ဘီ၊ ထန်းတပင်နဲ့ တိုက်ကြီး စတဲ့ မြို့နယ်တွေမှာ လူ ၁ ဒဿမ ၃ သန်း ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခံစားရနိုင် တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့သလို သူ့အနေနဲ့ ခန့်မှန်းပြောဆိုတာ မလုပ်ခဲ့တဲ့အကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြန်လည်ဖြေရှင်းထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

Also read - Fact Check: လူသောင်းချီသေမယ့် မုန်တိုင်း မြန်မာပြည်ဝင်မယ်ဆိုတဲ့သတင်းမှား


မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသတွေဟာ နှစ်စဉ် ရေကြီးရေလျှံမှုခံစားရလေ့ရှိပြီး တချို့သောနှစ်တွေမှာတော့ ပိုမိုပြင်းထန်ပါတယ်။ ဒီနှစ်လည်း တိုက်ဖွန်းမုန်တိုင်း ရဂီ(Yagi)ရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူဦးရေ ၆ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး ရာချီသေဆုံးမှုတွေရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး(OCHA)ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ရေကြီးပြီး ၁၀ ရက်အကြာ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ် ၆၅ ခုမှာ ရွှေ့ပြောင်းဒုက္ခသည်တွေ အပါအဝင် လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးဒုက္ခသည်တွေ ကြုံတွေ့နေရတယ်လို့ ခန့်မှန်းပါတယ်။

Also read - Fact Check: တရုတ်နိုင်ငံကို ရဂီ မုန်တိုင်း ဝင်‌ရောက်မှု ဗွီဒီယိုလား- မဟုတ်ပါ

အခု လူမှုကွန်ယက်ပို့စ်မှာပါတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေဟာ မိုးရာသီမှာ အနည်း၊အများသာကွာပြီး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်နိုင်ခြေမြင့်မားတဲ့ ဒေသတွေပဲ ဖြစ်တယ်။

သုံးသပ်ချက်

မြန်မာနိုင်ငံအောက်ပိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေက မြို့နယ်အချို့မှာ ရေကြီးရေလျှံမှု တွေဖြစ်ပြီး လူ ၁ ဒသမ ၃ သန်း ထပ်မံထိခိုက် ခံစားရနိုင်တယ်လို့ခန့်မှန်းပြော ဆိုတယ်တာ မဟုတ်ကြောင်း ကာယကံရှင် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ငြင်းဆိုထားတာကြောင့် သတင်းတုဖြန့်ဝေနေခြင်းဖြစ်တယ်။











Title: Fact Check: မြန်မာပြည်အောက်ပိုင်းက လူ ၁ ဒသမ ၃ သန်း ရေဘေးခံစားရမယ်လို့ မိုးလေဝသပညာရှင် ခန့်မှန်းတဲ့ သတင်းတု

Author Name: Zun Zee

Result: False


Claim Review :   ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ရေကြီးရေလျှံမှုဖြစ်ပြီး လူ ၁ ဒသမ ၃ သန်း ထပ်မံထိခိုက် ခံစားရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း
Claimed By :  Facebook Users
Fact Check :  FALSE