
လွန်ခဲ့တဲ့ ၁၁ နှစ်ဝန်းကျင်က မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ် ပျောက်ဆုံးခဲ့ပုံကို အမေရိကန် ထုတ်ပြန်လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား သာဖြစ်တယ်။
မေ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ စက္ကန့် ၄၀ ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လေယာဉ်တစီး တိမ်တိုက်တွေကြား ပျံသန်းရင်း ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။
“မလေးရှားလေကြောင်းလိုင်း Flight 370ပျောက်သွားပုံကိုအမေရိကန်ကထုတ်ပြ”
အချက်အလက်စိစစ်ချက်
ဒီဗွီဒီယိုဟာ အစစ်အမှန်မဟုတ်ဘဲ နောက်ခံ ဓာတ်ပုံတချို့ကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရကြောင်း အချက်အလက်စိစစ်မှုတချို့မှာဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ)
တူညီတဲ့ဗွီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာ ဆယ်စုနှစ်တခုကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ MH370 လေယာဉ်ပျောက်ဆုံးအပြီး ၂ လအကြာ ၂၀၁၄ ခုနှစ် မေ ၁၉ ရက်မှာ ဒီဗွီဒီယိုကို ကနဦးဖြန့်ဝေခဲ့မှုတခုမှာ “Satellite Video: Airliner and UFOs” လို့ရေးသားဖြန့်ဝေခဲ့ပြီး နောက်ပိုင်းဖြန့်ချိမှုတွေမှာသာ MH370 ဆိုပြီးတော့ ဖော်ပြခဲ့တာ မရှိပါဘူး။
ဒါပေမဲ့လည်း ကနဦးဖြန့်ဝေသူပြောထားသလိုမျိုး တကယ်တမ်းမှာ ဒီဗွီဒီယိုဟာ ဂြိုဟ်တုကရိုက်ကူးထားတဲ့ လေယာဉ်နဲ့ အမျိူးအမည်မသိအရာဝတ္ထု ၃ ခုဟာလည်း စိတ်ကူးပုံဖော်ထားတဲ့ အရာတခုတာတွေ့ရပါတယ်။ ဒီတူညီတဲ့ ဗွီဒီယိုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွမ်းကျင်သူတွေက လေ့လာဆန်းစစ်ခဲ့ကြပြီး ဒီဗွီဒီယိုဟာ ရုပ်ရှင်လုပ်ငန်းတွေမှာ တွင်တွင် ကျယ်ကျယ်အသုံးပြုခဲ့ပြီးဖြစ်တဲ့ မြင်ကွင်းဖန်တီးမှုလိုမျိုး ဗွီဒီယိုဖန်တီးမှုသာဖြစ်တာတွေ့ရပါတယ်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်အတွင်းက ရိုက်ကူးခဲ့တဲ့ ရုပ်သေဓာတ်ပုံကို အသုံးပြုပြီး လေယာဉ် ပျံသန်းမှုကို ဖန်တီးထားတဲ့ ဗွီဒီယိုအဖြစ် ထင်ရှားစေတဲ့အကြောင်းတွေထဲမှာ လေယာဉ် ရွှေ့လျားနေပေမဲ့ တိမ်တိုက်တွေဟာ ရွှေ့လျားတာမျိုး မတွေ့ရတာပဲဖြစ်တယ်။ ဆန်းစစ်ချက်ကို ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
MH370 လေယာဉ် ပျောက်ဆုံးခဲ့ပုံ ဗွီဒီယိုဟာ ရုပ်သေဓာတ်ပုံတွေကို နောက်ခံထားကာ ဂရပ်ဖစ်နည်းလမ်းနဲ့ ဖန်တီးထားတဲ့ ဗွီဒီယိုသာဖြစ်ပြီး တကယ်မဟုတ်ပါဘူး။ လေယာဉ်ပျောက်ဆုံးပြီး ၂ လဝန်းကျင်အကြာ ၂၀၁၄ ခုနှစ် မေလ ဝန်းကျင်ကတည်း အွန်လိုင်းမှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုကနဦး ဖြန့်ချိမှုတွေမှာတော့ MH370 လေယာဉ်ပျောက်ဆုံးမှုမှတ်တမ်း ဗွီဒီယိုအဖြစ်ဖော်ပြခြင်းမရှိပါဘူး။
ပြောဆိုချက်- မလေးရှား MH370 လေယာဉ်ပျောက်ဆုံးသွားပုံဗွီဒီယိုမှတ်တမ်း အမေရိကန်ထုတ်ပြန်

Title:Fact Check: မလေးရှား MH370 လေယာဉ်ပျောက်ဆုံးသွားပုံဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False