
အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေတယ်လို့ ဒေါက်တာ အောင်မိုးညိုပြောတယ်ဆိုတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ် နေဟု ဒေါက်တာအောင်မိုးညိုပြော”လို့ ခေါင်းစဉ်တပ်ထားပြီး ဒေါက်တာအောင်မိုးညိုပြောကြားချက်အဖြစ် “ခက်နေတာက ဒါတော့ သူ့လူ မို့ထည့်ပေးပါ ဒါတော့ကျနော့လူမို့ချန်ထားမပေးပါနဲ့ဆိုတဲ့ ပါတီထဲကလူကြီးတွေ အုပ်စုကဲပြီး သူ့လူကိုယ့်လူ ပါဝင်ရေး တွေ ရှိနေ တော့ အောက်က တင်လာတဲ့ လူထက် လူကြီးတွေ ထည့်မယ့် လူကို ဦးစားပေးရ မ လိုဖြစ်နေတော့ အောက်ခြေမှာ ရပ်မိရပ်ဖ တွေနဲ့ ရွေးပြီးတင်ခဲ့တဲ့ လူတွေကို ဘယ်လိုရှင်း ရမလဲ ဆိုတဲ့ကိစ္စ ပဲ ၊ အုပ်စုက လေး အုပ်စုလောက် ဖြစ်နေတာ နာယက ကြီးဦးဝင်းထိန်ကလည်း သူ့လူထည့်ဖ ို့ပြောတယ် အမကြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့လူမို့ချန်မထားစေချင်ဘူး ကိုဇော်မြင့်မောင်ကလဲ ဒီလူဒီလူ တော့ ပါစေချင်တယ် ဒေါ်မေဝင်းမြင့်ကလည်း သူအမျိုးသမီးရေးရာ က စွမ်းဆောင်ရည်ကောင်း ပါတယ်သူ့လူတွေလည်း ထည့်ပေးပါ ဆိုတာ တွေကြောင့် ရွေးခြယ်ဖို့ တော်တော်အကြတ်ရိုက်နေရတယ်”လို့ ဒေါက်တာအောင်မိုးညိုကပြောတယ်ဆိုပီးတော့ ရေးသားထားပါတယ်။။
နောက်ထပ်ထပ်ပြီးတော့ ရေးသားထားတာကတော့ “အရွေးခံမယ့် သူတွေထဲမှာ မွတ်ဆလင် တွေပါဝင်နေ တဲ့ အတွက် ပါတီဝင်တွေထဲက သဘောမကျတဲ့အသံတွေလည်း ပြန်ကြားနေရတော့ ထည့်သင့် မထည့်သင့်ကလည်း စဉ်းစားနေရတယ် ၊ အဲ့ဒီထဲမှာ အမကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်မေဝင်းမြင့် ထည့်ခိုင်းတဲ့ မွတ်ဆလင် ကိုယ်စားလှယ်လောင်း တွေကိုတော့ထည့်ပေး ရမှာပါ ဒါကလဲ သမ္မတကြီးဦးဝင်းမြင့် အရွေးခံမယ့် နေရာမှာ အထောက်အကူဖြစ်စေအောင်ရယ် ပါတီရဲ့ အခြားအောင်နိုင်ရေး အထောက်အကူပြုဘို့ပါ ၊ ကျနော်က ရွေးခြယ်စီစစ်ရေး မှာပါနေတော့ တော်တော် ဂွတီးဂွကျ ဖြစ်နေရတယ် ရက်ကလည်းကပ်နေပြီတင်လိုက် လို့ အမည်စာရင်းထွက်လာတော့မှ သူ့လူ မပါဘူးလား ကိုယ့်လူမပါတော့ဘူးလား တွေဖြစ်ကျရင်လည်း မကောင်းဘူး ဒီထက် အုပ်စုတွေကွဲကြပြန်အုန်းမယ် ခက်တာမှ တော်တော် ခက်ပါတယ်လို့ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ပါတယ်”ဆိုပြီးတော့ ရေးသားထားပါတယ်။

“Yan Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အလားတူမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၇၀၀ ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ “လူထုဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အလားတူမျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဒီလိုပြောကြားခဲ့ခြင်းမရှိကြောင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြန်လည်ရှင်းလင်း ထားပါတယ်။
“နည်းမျိုးစုံ ဖြိုခွဲ တိုက်ခိုက်လျက်ရှိပါသည်။ မဲဆန္ဒရှင်များ ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များ ၊ သတိကြပ်ကြပ် ထားကြစေချင်ပါသည် ခင်ဗျား !ကျနော် မပြောတာကို ၊ အပြောလုပ်နေပါသည်။”ဆိုပြီးတော့ ဒေါက်တာ အောင်မိုးညိုကရေးသားထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဉီးကြည်တိုးကလည်း အောက်ပါအတိုင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားတာတွေ့ရပါတယ်။ ဒေါင်း၊ နေပြည်တော် နှင့် အေးအေးနု ဆိုသူတို့၏ ဖေ့စ်ဘုတ်စ်ပို့စ်သည် လုံးဝမှားယွင်းသောအချက်အလက်များကို အဖွဲ့ချုပ်ခေါင်းဆောင်များ၏ နံမည်နှင့်ဓါတ်ပုံများကိုအသုံးပြုပြီးပြုလုပ်ထားသော သတင်းတု သတင်းမှား ပို့စ်သာဖြစ်ကြောင်း ဉီးကြည်တိုးက ရေးသားထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အုပ်စု ၄ စု ကွဲနေတဲ့ အတွက် NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေတယ်လို့ ဒေါက်တာအောင်မိုးညိုပြောဆိုတဲ့အချက်အလက်ကိုအချက်အလက်မှား အဖြစ်သတ်မှတ်ပါတယ်။

Title:NLD ကိုယ်စားလှယ်လောင်း ရွေးခြယ်ရာမှာ ခက်အခဲတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False