Fact Check: ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို စစ်ခေါင်းဆောင် နေပြည်တော်မှာ ခေါ်တွေ့တဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ဒေါ်လာ ၁၀ သန်းပေးပြီး ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို စစ်ခေါင်းဆောင် နေပြည်တော်မှာ ခေါ်တွေ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“Dr sasa နဲ့ ဦးကျော်မိုးထွန်း ကို ဒေါ်လာ၁၀သန်း ပေးပြီး နေပြည်တော်မှာ မင်းအောင်လှိုင် ခေါ် တွေ့ လို့ တစ်နိုင်ငံလုံး လန့်ကုန်ပြီ”(မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာ ပြုလုပ်တဲ့နေရာဖြစ်တယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

ဗွီဒီယိုထဲမှာ NUG ကို သစ္စာခံတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ဆွဲနှုတ်ဆက်နေပုံ၊ NUG နိုင်ငံတကာဆက်ဆံရေး ဝန်ကြီးဟောင်း ဒေါက်တာဆာဆာနဲ့ စစ်ခေါင်းဆောင်နဲ့ လက်ဆွဲနှုတ်ဆက်နေပုံတွေဟာ ဉာဏ်ရည်တုနည်းပညာ ပလက်‌ဖောင်းတခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရတယ်။ 

သတင်းတု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ The Daily Lnes ရဲ့ ဒီသတင်းတင်ဆက်မှုမှာကိုပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံမှုအကြောင်းမပါဝင်ဘဲ ရန်ကုန်ခေတ်သစ်သတင်းဌာနက မူလဖော်ပြခဲ့တဲ့ ကုလသမဂ္ဂနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက စစ်ကောင်စီကို အသိအမှတ်မပြုတာ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သစ္စာဖောက်သွားတာ (စစ်ကောင်စီအမြင်)ကြောင့် နိုင်ငံတကာ နိုင်ငံရေးစင်မြင့်မှာ ပြောရေးဆိုခွင့် ဆုံးရှုံးနေရကြောင်း စစ်ခေါင်းဆောင် ဝန်ခံပြောဆိုခဲ့တဲ့ အကြောင်းဖော်ပြထားတယ်။ 

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “The Daily Lens”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုနဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို စစ်ခေါင်းဆောင် နေပြည်တော်မှာ ခေါ်တွေ့တယ်ဆိုတာ သတင်းတုသာဖြစ်တယ်။

Avatar

Title:Fact Check: ဒေါက်တာဆာဆာနဲ့ ဦးကျော်မိုးထွန်းကို စစ်ခေါင်းဆောင် နေပြည်တော်မှာ ခေါ်တွေ့တဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: Misleading