Fact Check: နေပြည်တော်အနီး ကုလသမဂ္ဂက တပ်လာဖြန့်ဆိုတဲ့ သတင်းတု 

False

မြန်မာနိုင်ငံ နေပြည်တော်မှာ ကုလသမဂ္ဂတပ်တွေ အရေးပေါ် တပ်ဖြန့်လိုက်ပြီလို့ ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်ပြီး အမှန်တကယ်မဟုတ်ပါဘူး။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရတယ်။

“ကုလတပ် အရေးပေါ် တပ်ဖြန့်

မြန်မာကို အနီရောင်အဆင့် သတ်မှတ်ပြီး နေပြည်တော် 

အနီး တပ်လာချပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Khit Thit Media” နဲ့ “Yangon Khit Thit” အမည်နဲ့ ယူကျူချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ အထူးသဖြင့် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို အခုလို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ 

အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီရဲ့မဟာမိတ်​တွေကို အရေးယူပိတ်ဆို့မှု ဖယ်ရှားပေးခဲ့တဲ့ အမေရိကန်ကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဝေဖန်”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စေတုတ္တရာနှင့် နွားထိုးကြီး တို့တွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်သူများကို စစ်ရေးအရ ထိရောက်စွာ အရေးယူသွားမည်ဟု သတိပေး”၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကျောက်ဖြူတွင် AAသိမ်းပိုက်ထားသည့် ရွာများကို စစ်ကောင်စီက အင်အားတိုးချဲ့ ပို့ဆောင်မှုများ ပြုလုပ်နေပြီး လေကြောင်းမှတိုက်ခိုက်”စတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Khit Thit Media” နဲ့ “Yangon Khit Thit”ဟာ အခုလိုပဲ ပုံမှားရိုက် လုပ်ကြံ သတင်းခေါင်းစဉ်တုတွေ တပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။  မြန်မာနိုင်ငံ နေပြည်တော်မှာ ကုလသမဂ္ဂတပ်တွေ အရေးပေါ် တပ်ဖြန့်လိုက်ပြီဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: နေပြည်တော်အနီး ကုလသမဂ္ဂက တပ်လာဖြန့်ဆိုတဲ့ သတင်းတု 

Fact Check By: နေရာမောင်  

Result: False