Fact Check: စစ်ခေါင်းဆောင်သား ဗြိတိန်မှာ အဖမ်းခံရမှု သတင်းမှား

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်ရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ရုပ်သံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတခုသာ ဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဘလော့ဂ်စာမျက်နှာတခုရဲ့ ဒီနေရာ နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

“မင်းအောင်လှိုင် သား အောင်ပြည့်စုံကို 

UK ရဲတပ် လေဆိပ်မှာ ဖမ်း (ရုပ်/သံ)

MRTV က အတည်ပြုလိုက်ပြီ”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတွေ တပ်ကာ ဖြန့်ချိလေ့ရှိသလို တခါတရံ လုပ်ကြံရေးသားမှုတွေလည်း ဖြန့်ဝေမှုရှိပါတယ်။ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ စစ်ခေါင်းဆောင်သားကို UK ရဲတပ်ဖွဲ့ လေဆိပ်မှာ ဖမ်းဆီးလိုက် တယ်လို့ ဆိုထားပြီး ဗွီဒီယိုအစက အသံဖိုင်မှာလည်း အလားတူဖတ်ကြားခဲ့တာတွေ့ရပါတယ်။  ဒါပေမဲ့ ဒီသတင်းကို အခြားယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ 

အဲဒီနောက်မှာတော့ ဗွီဒီယိုထဲမှာ စစ်ခေါင်းဆောင် စစ်အကြီးအကျယ်ရှုံးနေတဲ့အကြောင်းနဲ့ KNLA နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ မြဝတီမြို့ကို တနိုင်ငံလုံးက တပ်တွေ စုစည်းပြီးတော့ တိုက်တာတောင် လမ်းမှာပဲ တော်လှန်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့မှုခံထားရပြီး BGF စောချစ်သူအကူအညီနဲ့သာ မြဝတီမြို့ကို ပြန်ထိန်းချုပ်နိုင် တာဖြစ်ကြောင်းနဲ့ ဒုတိယစစ်ခေါင်းဆောင်ကိုလည်း အကျယ်ချုပ်နဲ့ ဖမ်းလိုက်တဲ့အကြောင်း စသည်ဖြင့် ဖတ်ကြားနေပါတယ်။ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ သတင်းထွက်ပေါ်အပြီးမှာ ရက်ပေါင်းများစွာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပတ်သက်ပြီး ဘယ်ရောက်နေသလဲနဲ့ ဘာဖြစ်သွားသလဲဆိုတာ မီဒီယာတွေမှာ ဆက်တိုက်ဆိုသလို ခန့်မှန်း သုံးသပ်ချက်တွေမျိုးစုံ ထွက်ပေါ်နေပြီး အဲဒီအထဲမှာ တချို့ကတော့ အာဏာသိမ်းဖို့ ကြိုးစားမှု မအောင်မမြင်ဖြစ်ပြီး အဖမ်းခံရတယ်ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။ သို့သော် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

သုံးသပ်ချက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်မှာ အဖမ်းခံရတယ်ဆိုတဲ့  အထောက်အထားတစုံတရာမတွေ့ရပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ သတင်း မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရချိန်မှာ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်ဟာ လုပ်ကြံရေးသားမှု တွေလည်း ဖြန့်ဝေမှုရှိနေတာတွေ့ရပါတယ်။

ပြောဆိုချက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်မှာ အဖမ်းခံရ

Avatar

Title:Fact Check: စစ်ခေါင်းဆောင်သား ဗြိတိန်မှာ အဖမ်းခံရမှု သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *