
တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ဗိုလ်ချုပ်တွေခိုအောင်းရာနေပြည်တော်ကို ဝင်တိုက်ပြီလို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“ရုန်းထဖို့ လိုပြီဟေ့
စစ်ဗိုလ်ချုပ်များခိုအောင်းရာနေပြည်တော်ကိုဝင်တိုက်ပြီ
တော်လှန်ရေးပူးပေါင်းတပ်များ ပွဲကပြီဟေ့”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။
အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားခဲ့တဲ့ “ရုန်း ထ ဖို့ လိုပြီ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါတပုဒ်ကို ပြန်လည်မျှဝေထားပြီးဇူလိုင် ၂၇ ရက်မှာ ဧရာဝတီ တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “ဒုချုပ်စိုးဝင်း ဦးဆောင်သည့် နိုင်ငံတော်အဆင့် စစ်ကြောင်းကြီး နောက်ပြန်ဆုတ်လာ”နဲ့ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စဉ့်ကူးမြို့ကို စစ်ကောင်စီရေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း အထိနာ၍ ပြန်ဆုတ်သွား”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ ဖြန့်ချိပါတယ်။ အခုလည်း နိုင်ငံတဝှမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား စစ်ရေးအရှိန်မြင့်တက်နေပေမဲ့ နေပြည်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုတဲ့ သတင်းမျိုးမတွေ့ရပဲ လုပ်ကြံရေးသားထားခြင်းသာဖြစ်တယ်။
ပြောဆိုချက်- နေပြည်တော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်တိုက်

Title:Fact Check: နေပြည်တော်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်တိုက်ပြီဆိုတဲ့ သတင်မှား
Fact Check By: နေရာမောင်Result: False