Fact Check: အမေရိကန်၊ဗြိတိန်အပါအဝင် ၁၀ နိုင်ငံက တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ကြေညာခဲ့သလား- မဟုတ်ပါ

နိုင်ငံတကာ၊ | International

၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ 

နိုဝင်ဘာ ၃၀ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

“၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက် မှစတင်၍ တရုတ်နိုင်ငံသားများကို  နိုင်ငံ ၁၀ နိုင်ငံက သူတို့နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ၎င်းတို့မဟာမိတ်နိုင်ငံများနဲ့ ညှိနှိုင်းသဘောတူညီချက်တွေအရ ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်ကြောင်း သိရပါတယ်။ ၎င်း ၁၀ နိုင်ငံကတော့ – ၁။ အမေရိကန် ၂။ ကနေဒါ ၃။ အိန္ဒိယ ၄။ သြစတြေးလျ ၅။ ဂျပန် ၆။ ယူနိုက်တက်ကင်းဒမ်း UK ၇။ ထိုင်ဝမ် ၈။ တောင်ကိုရီးယား ၉။ ဖိလစ်ပိုင် ၁၀။ ဗီယက်နမ် တို့ဖြစ်ကြောင်း သိရပါတယ်။”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Facebook link | Archive link

အချက်အလက်စိစစ်ချက်

ဖေ့စ်ဘွတ်ပို့စ်မှာ ဖော်ပြထားတဲ့ နိုင်ငံအသီးသီးက တရားဝင်ထုတ်ပြန်ချက်တွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကို လေ့လာ ကြည့်ရာမှာ ဒီလိုမျိုး အမေရိကန်၊ ဗြိတိန်၊ ကနေဒါအပါအဝင် အာရှနဲ့ ဥရောပက ၁၀ နိုင်ငံက မဟာမိတ်ပြုပြီး တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို ၂၀၂၅ ခုနှစ် ဇန်နဝါရီက စပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့ အကြောင်း အထားအထားမတွေ့ရပါဘူး။  အမေရိကန်နိုင်ငံမှာ သမ္မတဘိုင်ဒန်ရဲ့ အစိုးရဟာ သက်တမ်းကုန်ဆုံးခါနီးဖြစ်ပြီး အမေရိကန်ရဲ့ ဒီမိုကရက်တစ် အစိုးရဟာ ပြီးခဲ့တဲ့ ၄ နှစ်ဝန်းကျင်မှာ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေမှာ ပြင်းထန်တဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာမရှိပါဘူး။ တရားမဝင် ဝင်ရောက်လာသူတွေကို နေရပ်ပြန်ပို့မယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတသစ်ထရမ့်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ တရားဝင်ရာထူးစတင်ယူမှာဖြစ်ပါတယ်။ 

တကယ်တမ်း အခုဖော်ပြနေတဲ့ အကြောင်းအရာဟာ ခရီးသွားနဲ့ ဖျော်ဖြေမှုအကြောင်းတွေဖော်ပြတဲ့ ချန်နယ်အဖြစ် ‌ဖော်ပြထားတဲ့ “Top 10 Tales”အမည်နဲ့ ယူကျူ့ချန်နယ်က နိုဝင်ဘာ ၁၂ ရက်မှာ ဖော်ပြခဲ့တဲ့ “၂၀၂၅ တွင် တရုတ်ခရီးသွားများကို ပိတ်ပင်ထားမြစ်မယ့် နိုင်ငံ ၁၀ နိုင်ငံအကြောင်း”ဆိုတဲ့ ယူကျူ့ချန်နယ် တခုက စတင်လာခြင်းဖြစ်ပါတယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်းကို ဦးတည်လုပ်ကိုင်နေတဲ့ ချန်နယ်တခု မဟုတ်ပါဘူး။ ပထဝီနိုင်ငံရေး အားပြိုင်မှုတွေ၊ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုနဲ့ လုံခြုံရေးဆိုင်ရာ ရှု့ထောင်တွေအရ  အခုလို နိုင်ငံ ၁၀ နိုင်ငံက တရုတ်ခရီးသွားတွေကို ပိတ်ပင်လာနိုင်တယ်လို့ ယေဘုယျ အတွေးအမြင် တခုကိုသာဖော်ပြထားတာတွေ့ရပါတယ်။ မူလ‌ဖော်ပြချက် အခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေသလို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ပိတ်ပင်မယ်လို့ တိတိကျကျ ပြောဆိုထားခြင်းလည်းမရှိပါဘူး။

သို့ပေမဲ့ ဒီ‌ဖော်ပြချက်တွေဟာ အထောက်အထားမဲ့တော့ မဟုတ်ဘဲ အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျ၊ဂျပန်၊ဗြိတိန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ်နိုင်ငံတွေဟာ တရုတ်နိုင်ငံနဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအရ အားပြိုင်ပြီး တင်းမာနေတဲ့ နိုင်ငံတွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေ အသီးသီးချမှတ်ထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ဒီအပြင် အမေရိကန်နိုင်ငံက အထင်ကရ တက္ကသိုလ် တခုဖြစ်တဲ့ ကော်နဲလ်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့က နိုင်ငံခြားသား ဝန်ထမ်းတွေနဲ့ နိုင်ငံတကာက ကျောင်းသားတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပြည်ဝင်ခွင့်မူဝါဒ အပြောင်းအလဲတွေဟာ သမ္မတ ကျမ်းကျိန်အပြီးမှာ ဖြစ်‌ပေါ်လာနိုင်တာမို့ ကြိုတင်ပြင်ဆင်ထားကြဖို့ နှိုးဆော်ထားတာတွေ့ရပါတယ်။

C:\Users\User\Downloads\Untitled1.jpg

သုံးသပ်ချက်

၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်တယ်ဆို မဟုတ်ပါဘူး။ ဒီနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူတွေကို ပြည်ဝင်ခွင့် တင်းကြပ်မှုတချို့ ချမှတ်ထားတာရှိပေမဲ့ လုံးဝပိတ်ပင်လိုက်တာမျိုးတော့ မဟုတ်ပါဘူး။

Avatar

Title:Fact Check: အမေရိကန်၊ဗြိတိန်အပါအဝင် ၁၀ နိုင်ငံက တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ကြေညာခဲ့သလား- မဟုတ်ပါ

Written By: နေရာမောင်  

Result: Misleading