
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာအတွင်း ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေ့ရပေမဲ့ ရက္ခိုင့်တပ်တော် AA ကရမ်းသမ်း ပစ်ခတ်မှုကြောင့်လို့ ရေးသားထားတဲ့ သတင်းကိုတော့ မတွေ့ရှိပါဘူး။
“ယနေ့နေ့လည် ၁၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”လို့ ရေးသားပြီး “တိုက်စစ် ကောင်း ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့စကားလုံးကို အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ စစ်တပ်က အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာမှာနေထိုင်တဲ့ ၁၄ နှစ် အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံဟာ နေအိမ်ခြံဝန်းအတွင်းမှာပဲ လက်နက်ကြီးထိမှန် သေဆုံးခဲ့ဆိုတဲ့ သတင်းကို မီဒီယာတွေက ဖော်ပြပါတယ်။
မငြိမ်းငြိမ်းစံသေဆုံးမှုဟာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး နေအိမ်အတွင်း ကျရောက်ခြင်း ကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောကြားကြောင်း ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်း ဌာနက ဖော်ပြပါတယ်။ ထိုပြင် ဘီဘီစီမြန်မာပိုင်းနဲ့ ဧရာဝတီမြန်မာပိုင်းက သတင်းတွေကို ဒီလင့်ခ် နဲ့ ဒီလင့်ခ် မှာလည်းတွေ့ရပါတယ်။

မူရင်းလင့်ခ်- Narinjara News | Archive link
သုံးသပ်ချက်
အထက်ပါ အချက်အလက်တွေအရ ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ သေဆုံးမှုဟာ စစ်တပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သတင်းဌာနတွေမှာပျံ့နှံ့လာပြီးနောက် သတင်းဌာန တွေက အသုံးပြုထားတဲ့ ဓာတ်ပုံကိုအသုံးပြုပြီး AA ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတယ်လို့ ပြန်လည်ရေးသားပြီး သတင်းမှားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးမှုကို AA မှ ပစ်ခတ်မှုအဖြစ်သတင်းမှားဖြန့်
Fact Check By: Zun ZeeResult: Missing Context