Fact Check: မက်လင်ချဉ်က အသည်း‌ရောဂါတွေကို ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါ

ကျန်းမာရေး၊ | Health

မက်လင်ချဉ်က အသည်းရောင်အသားဝါ ဘီပိုးနဲ့ အသည်းရောင်အသားဝါ စီပိုးတို့ကို ပျောက်ကင်းစေတယ် လို့ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြော်ငြာရောင်းချလျှက်ရှိတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်ပြီး မက်လင်ချဉ်က အသည်းရောဂါတွေကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

 ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“အသည်းရောဂါ၊ဘီပိုး၊စီပိုးသမား၊အသည်းအဆီဖုံး အသည်းခြောက်သူများအတွက် ညနေပိုင်းသောက်ရန်အကောင်းဆုံးကတော့မက်လင်ချဉ်‌ ဖျော်ရည်ပါ။ အသည်းရောဂါအတွက်တင်မကဘဲ အဆီကျမြန်စေသောကြောင့် ပိန်ချင်သူများအတွက် အထူးသင့်လျော်ပါသည်။ အသည်းရောဂါအတွက်မက်လင်ချဉ် ဖျော်ရည်မသောက်ခင် ပိုးအရင်စစ်ကြည့်ပါ။ သောက်ပြီး ၃ရက်ပြည့်တဲ့နေ့မှာ ပိုးအရေအတွက်သိသိသာသာကျဆင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ အသည်းအတွက် မက်လင်ချဉ်က မန်ကျည်းမှည့်ထက်‌‌တောင် ပိုပြီးအစွမ်းထက်ပါတယ်။ မက်လင်ချဉ်မှာပါဝင်တဲ့အထူးစွမ်းတဲ့ ဂုဏ်သတ္တိလေးတွေက အသည်းရောဂါဝေဒနာရှင်များနှင့် ကိုယ်တွင်းကအဆီပိုကျချင်သူများအတွက် ဘုရင်တစ်ပါးဖြစ်နေပါတယ်။”

C:\Users\User\Downloads\Untitled12.jpg

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်းမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါ ဘီ ပိုးနဲ့ အသည်းရောင်အသားဝါ စီ ပိုးကို မက်လင်ချဉ်က ပျောက်ကင်းစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ တွေ့ရှိချက် မရှိပါဘူး။ သိပ္ပံအမည်အားဖြင့် Garcinia Cambogia လို့ခေါ်တဲ့ မက်လင်ချဉ်ကို အဆီကျဆေးအဖြစ်နဲ့ ဈေးကွက်မှာ အဓိက ရောင်းချကြပြီး ဒီပစ္စည်းပါဝင်တဲ့ ဆေးကို သောက်သုံးတွေဟာ အသည်းကို ထိခိုက်ပျက်စီးစေတယ်လို့ လေ့လာမှုတွေအရ တွေ့ရကြောင်း အမေရိကန် ကျန်းမာရေးဝန်ဆောင်မှုဌာန၊ ဖြည့်စွက်ကျန်းမာရေး အမျိုးသားဗဟိုဌာနက ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

C:\Users\User\Downloads\Garcinia-Cambogia-NCCIH-12-24-2024_11_40_AM.png

တခြားသော အမေရိကန်အစိုးရဌာနတခုဖြစ်တဲ့ ပြည်သူ့ဆေးဝါးဗဟိုဌာနကလည်း မက်လင်ချဉ်သောက်ပြီးနောက် အသည်းပျက်စီးမှုဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီလိုပဲ ၂၀၁၇ ခုနှစ်ထဲမှာ အမေရိကန် အစားအသောက်ကွပ်ကဲရေးဌာနက မက်လင်ချဉ် အဆီကျဆေးဆိုပြီး ကြော်ငြာရောင်းချနေတဲ့ တံဆိပ်တခုမှာ တားမြစ်ဆေးဝါးပါဝင်နေတာကို တွေ့ရှိရလို့ သုံးစွဲရန် မသင့်တဲ့ ဆေးဝါးအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

သုံးသပ်ချက်

မက်လင်ချဉ်က အသည်းရောင်အသားဝါ ဘီပိုးနဲ့ အသည်းရောင်အသားဝါ စီပိုးတို့ကို ပျောက်ကင်းစေ တယ်ဆိုတာ အထောက်အထားမရှိပါဘူး။ တကယ်တမ်းမှာ မက်လင်ချဉ်ကိုသောက်သုံးနေသူတွေဟာ  အသည်းကို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ့ရှိနေတာတွေ့ရပါတယ်။

Avatar

Title:Fact Check: မက်လင်ချဉ်က အသည်း‌ရောဂါတွေကို ပျောက်ကင်းတယ်ဆိုတဲ့ အထောက်အထားမရှိပါ

Written By: နေရာမောင်  

Result: False