၂၀၂၄ ခုနှစ် ကုန်ဆုံးခဲ့ချိန်မှာ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း လူမှုကွန်ယက်အသုံးပြုသူတွေအကြား ရေပန်းစားခဲ့တဲ့ ပုံမှားရိုက်ခံရမှုတွေကို Fact Crescendo Myanmar က စောင့်ကြည့်လေ့လာ အချက်အလက်စိစစ်ခဲ့တာတွေကို ပြန်ပြောင်းကြည့်ရရင် မကြာခဏအမှားဖြန့်ခံခဲ့ရတဲ့ ခေါင်းစဉ်တွေကို တွေ့ရပါတယ်။
ပုံစံမျိုးစုံနဲ့ ငွေကြေးအမြတ်အစွန်းအတွက် လိမ်လည်လှည့်ဖြား ပုံမှားရိုက် ဖြန့်ဝေမှုတွေဟာ ဖေ့စ်ဘွတ်ပေါ်မှာ ဆက်လက်အားကောင်းနေပေမဲ့ အချက်အလက်စိစစ်မှုရဲ့ အလွန်မှာရှိတဲ့ ပြောဆိုချက် လိမ်လည်မှုတွေ အဖြစ်ပြောင်းလဲလာပြီး အချက်အလက်စိစစ်တာတွေတော့ မလုပ်ခဲ့ရပါဘူး။ ယူကျူ့မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုံမှားရိုက်သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းပုံစံလုပ်ကြံရေးသားဖြန့်ဝေမှုတွေဟာ ပြီးခဲ့တဲ့နှစ် အချက်အလက်စိစစ်မှုတွေမှာ ထိပ်ဆုံးက ဆက်လက်နေရာ ယူခဲ့ပါတယ်။ နိုင်ငံတကာမှာတော့ အစ္စရေး-အရှေ့အလယ်ပိုင်းစစ်၊ ယူကရိန်း-ရုရှားစစ်ပွဲတွေထက် အီလွန်မက်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေပန်းစားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NUG ၊PDF တွေဟာ မြို့တွေ တမြို့ပြီး သိမ်းပိုက်လိုက်ပေမဲ့ နှစ်ကုန်တဲ့အထိ ရံဖန်ရံခါ ပျောက်ကျားတိုက်ခိုက်မှုကလွဲလို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေဟာ တော်လှန်ရေးအဖွဲ့တွေ စစ်ရေးအရ တို့ထိရသေးတဲ့နေရာတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးမြို့တွေကို သိမ်းလိုက်ပြီဆိုတဲ့ ဗွီဒီယိုတွေဟာ Fact Crescendo Myanmar ရဲ့ အချက်အလက်စစ်ဆေးမှုခေါင်းစဉ်အောက်မှာ မကြာခဏဖော်ပြခံရတဲ့ သတင်းမှားတခုဖြစ်နေဆဲဖြစ်တယ်။ အာဏာသိမ်းအပြီးကတည်းက နှစ်စဉ်မရိုးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ ပြောဆိုချက်နဲ့ အတူ ဒီနှစ်မှာတော့ ထပ်တိုးလာတဲ့ သတင်းမှားကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ပကို ထွက်ပြေးရတဲ့ ပြောဆိုချက်တွေနဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေပဲဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းလာပြီး မြို့အများအပြား ကို သိမ်းယူနိုင်ပြီးတဲ့နောက်မှာ မြို့သိမ်းတိုက်ပွဲတွေဟာလည်း လုပ်ကြံသတင်းဖြန့်ဝေသူတွေအတွက် ဆက်လက်ပြီး ရွေးချယ်စရာ ခေါင်းစဉ်တခုဖြစ်လာသလို အထူးသဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လဲလာချိန်မှာတော့ ပြည်ပကို ထွက်ပြေးပြီဆိုတဲ့ သတင်းမှားဟာလည်း ဆက်တိုက်ပဲ ဖြန့်ဝေလာပါတယ်။
ဒါပေမဲ့ သတင်းမှားဖြန့်ချိသူတွေဟာ ယူကျူ့မှာ ကြည့်ရှု့မှုအရေအတွက်ပေါ်မူတည်ပြီး ဝင်ငွေပေးတဲ့ နာမည်ကြီး လူမှုကွန်ယက်တွေရဲ့ အခြေခံစည်းမျဉ်းတခုကြောင့် လူတွေသည်းခြေခိုက် ထင်ယောင်ထင်မှားဖြစ်ဖွယ် လုပ်ကြံရေးသားဖြန့်ဝေချက် အသစ်တွေကို ဆက်လက်ရှာဖွေနေတာမို့ ပြောစရာခေါင်းစဉ်တွေကတော့ ကုန်ဆုံးသွားမှာမဟုတ်ပါဘူး။
ယူကျူ့မှာ အများဆုံးဖြန့်ဝေခဲ့တဲ့ သတင်းခေါင်းစဉ်တုများ
အထက်မှာဖော်ပြခဲ့သလိုပါပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီ၊ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီ၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ သေဒဏ်ပေးလိုက်ပြီး ၊ ပြည်ပကို သူထွက်ပြေးသွားပြီဆိုတဲ့ သတင်းခေါင်းစဉ်တွေဟာ Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ခဲ့ရတဲ့ ခေါင်းစဉ်တခုဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ၊ စစ်ခေါင်းဆောင် တာဝန်က အနားယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလွှဲပေးလိုက်ပြီဆိုတဲ့ သတင်းဟာလည်း အကြိမ်ကြိမ်ဖြန့်ဝေခံနေရတဲ့ သတင်းတုဖြန့်ချိသူတို့ရဲ့ သည်းခြေခိုက် ခေါင်းစဉ်တုဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ နိုင်ငံရေးနဲ့ စစ်ရေးအပြောင်းအလဲတွေ ပုံမှန်ဖြစ်ပေါ်တိုးတက်နေတဲ့ အချိန်မှာ အချိန်မရွေး သတင်းမှန်အဖြစ်ပြောင်းလဲလာနိုင်တယ်ဆိုပေမဲ့ လက်ရှိအချိန်အထိတော့ လုပ်ကြံ သတင်းဖြန့်ဝေမှုတွေအဖြစ် ဆက်ရှိနေပါသေးတယ်။ စစ်တပ်က သူတို့ ထိန်းချုပ်နယ်မြေမှာ နေထိုင်သူတွေကို အပတ်စဉ် စစ်သင်တန်းပြည့်မီဖို့အတွက် အဖမ်းခံရတာများလာတဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေဖြစ်နေချိန်မှာ စစ်မှုထမ်းဥပဒေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တုဟာလည်း မကြာခဏ ရေပန်းစားပါတယ်။
ဆေးမီးတို၊ ဆီးချိုပျောက်နို့မှုန့်နဲ့ အစားအသောက် ၂ ခုအတူစားမိလို့ သေတယ်
ရိုးရာ ဆေးမီးတိုက ခေတ်မီဆေးဝါးတွေထက်ပိုကောင်းတယ်ဆိုတဲ့ပိုကောင်းတယ်ဆိုတဲ့ အယူအဆတွေ၊ နို့မှုန့်ကို ဆီးချိုပျောက်ဆေးအဖြစ် ကြော်ငြာရောင်းချနေတာတွေအပါအဝင် အစားအသောက် ၂ ခု အတူစားမိလို့ သေဆုံးရတယ်ဆိုတဲ့ ယုံတမ်းစကားတွေဟာ Fact Crescendo Myanmar အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း အဓိက စိစစ်ခဲ့ရတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်မှားတွေဖြစ်ပါတယ်။
အတော်များများ အသီးအနှံတွေနဲ့ အသားတွေကို တွဲဖက်မစားရဘူး၊ ဒါမှမဟုတ်လည်း အသီးအနှံ ၂ ခုကို အတူတွဲမစားရဘူးဆိုတဲ့ ယုံတမ်းစကားက မြန်မာလူမျိုးတွေအကြား လွှမ်းမိုးပါတယ်။ တကယ်တော့ အစားအသောက် ၂ ခုကို အတူမစားရဘူးလို့ ဖြန့်ဝေထားတဲ့ အစားအသောက်တွေဟာ လူတွေ မကြာခဏ အတူစားသောက်လေ့ရှိတဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ယုံတမ်းစကားပို့စ်တွေဟာ ဖေ့စ်ဘွတ်မှာ တန်ဖိုးကြီး ပစ္စည်းတွေ ရမှာဖြစ်လို့ မျှဝေပါဆိုတဲ့ clickbait ပို့စ်တွေလိုပဲ ပျံ့နှံ့မှု အားကောင်းလေ့ရှိပါတယ်။
ပို့စ်တခုကို မျှဝေရုံနဲ့ ပဟေဠိဖြေရုံနဲ့ တန်းဖိုးကြီးလက်ဆောင်တွေပေးတယ်
၂၀၂၄ ခုနှစ်ထဲမှာ ဖြန့်ဝေမှုအများဆုံးသော Clickbait ပို့စ်တွေထဲမှာ ပို့စ်တခုကို မျှဝေရုံနဲ့ ပဟေဠိဖြေရုံနဲ့ ကမ္ဘာကျော် အမှတ်တံဆိပ် စီးပွားရေးလုပ်ငန်းကြီးတွေက တန်းဖိုးကြီးလက်ဆောင်တွေပေးနေတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေခဲ့တဲ့ အထဲမှာ ပီဇာအရောင်းဆိုင် Pizza Hut၊ Makro ကုန်တိုက်ကအစ SAMSUMG ဖုန်း၊ Coca Cola တို့အထိ ပါဝင်ပါတယ်။
စစ်ပွဲတွေထက် ရေပန်းစားခဲ့တဲ့ အီလွန်မက်နဲ့ ဒေါ်နယ်ထရမ့်
နိုင်ငံတကာသတင်းတွေ မြန်မာနိုင်ငံ လူမှုကွန်ယက်သုံးစွဲသူတွေ ပြန်လည် ဖြန့်ဝေမှုပုံစံဟာ ၂၀၂၄ ခုနှစ်အတွင်း ပြောင်းလဲခဲ့တာတွေ့ရပါတယ်။ သာမန်အားဖြင့် အစ္စရေးပါဝင်ပတ်သက်တဲ့ စစ်ပွဲတွေ၊ ရုရှားပါဝင်ပတ်သက်တဲ့ စစ်ပွဲတွေက မြန်မာနိုင်ငံ လူကြိုက်များပေမဲ့ ၂၀၂၄ ခုနှစ်ထဲမှာ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး စိတ်ပျက်ဖွယ်ရာ နိုင်ငံတကာစစ်ပွဲတွေ အစား လူပုဂ္ဂိုလ် လူ ၂ ဦးဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် အီလွန်မက်နဲ့ အမေရိကန်ရဲ့ ရွေးကောက်ခံ သမ္မတ ထရမ့်အကြောင်းက ပိုမိုစိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတကာ စစ်သတင်းတွေ ပျံ့နှံ့မှုရှိတန်သလောက် ရှိခဲ့ပေမဲ့ ပြည်တွင်းမှာလည်း ကျယ်ပြန့်လာနေတဲ့ စစ်ပွဲကြောင့် ရေပန်းစားလွန်တာ မဟုတ်လို့ ဒီသတင်းခေါင်းစဉ်တွေဟာ သတင်းတုဖြန့်ချိသူ တွေရဲ့ မျက်စေ့ ကျမှု မခံရပါဘူး။