စစ်တပ်က ဖမ်းဆီးထားတဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ဆိုတဲ့ ဗွီဒီယို ယူကျူချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“အဖမ်း ခံထားရတဲ့ ဇော်ဘုန်းဟိန်း
စစ်ကြောရေးမှာ သေဆုံး သွားလို့
တစ်နိုင်ငံလုံး ဘောမတွေ ဆန္ဒပြနေကြပြီ”(မူလအရေးအသား)
အချက်အလက်စိစစ်ချက်
ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ ဖြန့်ဝေတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ အဖမ်းခံထားရတဲ့ စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ဇော်ဘုန်းဟိန်းဟာ အဖမ်းခံရပြီး စစ်ကြောရေးကို ပို့ဆောင်ခံရကာ သေဆုံးသွားလို့ တနိုင်ငံလုံးက စစ်တပ်ထောက်ခံသူတွေက ဆန္ဒပြနေကြပြီလို့ ပြောဆို ဖြန့်ဝေထားပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။
စစ်တပ်ဝါဒဖြန့်ချိသူ ဇော်ဘုန်းဟိန်းဟာ စစ်တပ်က မြေပြင်ထိုးစစ်ရှုံးနိမ့်ရမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မကြာခဏဆိုသလို စစ်တပ်ကို ဝေဖန်ခဲ့ဘူးပြီး စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို ဆဲဆိုကြိမ်းမောင်းတာတွေ ပြုလုပ်သူအဖြစ် လူမှုကွန်ယက်မှာ ရေပန်းစားပါတယ်။
စစ်တပ်ခေါင်းဆောင်များကို ဆဲဆိုမှုနဲ့ စစ်တပ်ထောက်ခံသူတဦးဖြစ်တဲ့ ဒေါ်မိုးမိုးခိုင်က အမှုဖွင့်တာကြောင့် ဇွန် ၂ ရက်မှာ စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ ခေါ်ဆောင် စစ်ကြောနေပါတယ်။
သုံးသပ်ချက်
စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေပေမဲ့ သေဆုံးသွားပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Local Celegram”ဟာ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ ဖြန့်ဝေလေ့ရှိပြီး အခုလည်း လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်တယ်။

Title:Fact Check: စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတု
Written By: Zun ZeeResult: False