ရွေးကောက်ပွဲ မဲခိုးတာ ကြံ့ခိုင်ရေးလို့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ခုခံလိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မဲးခိုတာ မင်းတို့ ကြံ့ခိုင်ရေးဟု ဒေါ်စုအော်ဟစ်
တရားရုံးမှာ မင်းတို့က မဲခိုးတာဟု ဒေါ်စု အပြတ်ပြော
ပြတ်သားတဲ့ ပြည်သူ့မိခင်ကြီးရုပ်သံထွက်ပေါ်”
အချက်အလက်စိစစ်ချက်
ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ကူးယူ ပြန်လည်ဖော်ပြရာမှာ ခေါင်းစဉ်တုတပ် ဒါမှမဟုတ် လုပ်ကြံရေးသားချက်တွေအသုံးပြု ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီး ဖြစ်တယ်။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တရားရုံးက အမှုစစ်ဆေးထားတဲ့ ထွက်ဆိုချက် တချို့ ပေါက်ကြား”လာတဲ့အကြောင်း သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထားတယ်။ ၂၀၂၁ အောက်တိုဘာလ ၂၆ ရက်ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ဆိုချက်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ စာမျက်နှာ ၅ ခုပါ ထွက်ဆိုချက် ပေါက်ကြားရာမှာ စစ်အာဏာသိမ်းတဲ့နေ့က ဦးဝင်းထိန် ထုတ်ပြန်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ လူထုအနေနဲ့ တော်လှန်ကြဖို့၊ CRPH၊ NUG၊ PDF တို့နဲ့ ပတ်သက်ပြီး စစ်တပ်တရားရုံးမေးမြန်းချက်များနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားချက်များပါဝင်တယ်လို့ ရေးသားပါတယ်။ ရွေးကောက်ပွဲအကြောင်း မပါဝင်သလို ကြံ့ခိုင်ရေးပါတီ(USDP)အကြောင်း မပါဝင်ပါဘူး။
သုံးသပ်ချက်
“Mandalay khitThit”ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတယ်။ ရွေးကောက်ပွဲ မဲခိုးတာ ကြံ့ခိုင်ရေးလို့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ခုခံတယ်ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- ရွေးကောက်ပွဲ မဲခိုးတာ ကြံ့ခိုင်ရေးလို့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ခုခံ

Title:Fact Check: ရွေးကောက်ပွဲ မဲခိုးတာ ကြံ့ခိုင်ရေးလို့ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ခုခံဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False