ရွေးကောက်ပွဲအကြိုနေ့မှာ KIA နဲ့ AA က နေပြည်တော်ကို ဝင်တိုက်ခိုက်မှု စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ရွေးကောက်ပွဲ အကြိုရက် နေပြည်တော် ပျက်ပြီ
KIA နဲ့ AA တို့ ဦးဆောင်ပြီး နေပြည်တော် ကို
ဝင်စီးလို့ မင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ်တွေသေကုန်ပြီ ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ KIA နဲ့ AA ဦးဆောင်ပြီး နေပြည်တော်ကို ဝင်စီးတယ်လို့ ဆိုထားပေမဲ့ အသံနဲ့ ဖတ်ကြားတဲ့အထဲမှာတော့ နေပြည်တော် စစ်ဌာနချုပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်တွေ ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ အကြိုနေ ဒီဇင်ဘာ ၂၇ ရက်မှာ နေပြည်တော်ကို တိုက်ခိုက်ခံရတဲ့ အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။
ဒီဗွီဒီယိုထဲမှာပဲ နောက်ထပ် အသံနဲ့ ဖတ်ကြားနေတဲ့ အကြောင်းအရာကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်”ဆိုတဲ့ သတင်းပဲဖြစ်တယ်။
သုံးသပ်ချက်
“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေ၊ လုပ်ကြံရေးသားပြောဆိုတာတွေပြုလုပ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ နိုင်ငံတဝန်း တိုက်ခိုက်မှုတွေရှိလာနိုင်တယ်ဆိုပြီး စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲနေ့မှာ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်တဲ့ သတင်းကို လိုအပ်သလို ပြောဆိုကာ သတင်းတု ဖြန့်ချိထားခြင်းဖြစ်တယ်။ နေပြည်တော်ကို KIA နဲ့ AA က တိုက်ခိုက်ခဲ့တာမဟုတ်သလို စစ်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်တွေ သေဆုံးတယ်ဆိုတာလည်း လုပ်ကြံရေးသားမှုသာဖြစ်တယ်။
Title:Fact Check: ရွေးကောက်ပွဲအကြို နေပြည်တော်တိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

