ရန်ကုန်-ဒလတံတား ဖွင့်ပွဲလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှော့တိုက်ဒုံး ပစ်ခံရလို့ သေဆုံးဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတွေသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“ရန်ကုန်-ဒလ တံတား ပေါက်ကွဲပြီ ရုပ်/သံ
နလုံးရောဂါရှိသူ မကြည့်ရ
ရန်ကုန်-ဒလတံတား ဖွင့်ပွဲ မင်းအောင်လှိုင် လာလို့ ရှော့တိုက်ဒုံး ပစ်ချလို့ သေကုန်ပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “The Daily Lens”နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ချက်တွေဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေသလို သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိတယ်။
ရန်ကုန်-ဒလတံတားဖွင့်ပွဲလာစဉ် စစ်ခေါင်းဆောင်တိုက်ခိုက်ခံရတဲ့ ဒီသတင်းဟာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိဘဲ လုပ်ကြံရေးသားထားခြင်းဖြစ်တယ်။
အခုလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရန်ကုန်-ဒလ တံတားဖွင့်ပွဲသို့ မင်းအောင်လှိုင် လာရောက်၍ ရန်ကုန်မြစ်အတွင်း လှေနှင့်သမ္ဗာန်များအားလုံး သွားလာခွင့်ပိတ်ထားပြီး စစ်ကား၊ စစ်ရေယာဉ်များဖြင့် ကင်းလှည့် လုံခြုံရေးတင်းကျပ်ထား”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်နေပြီး စစ်ခေါင်းဆောင် တိုက်ခိုက်ခံရတယ်လို့ ခေါင်းစဉ်နဲ့ တချို့အသံဖိုင်နဲ့ ဖတ်ကြားမှုမှာ ပြောင်းလဲဖော်ထားခြင်းဖြစ်တယ်။

သုံးသပ်ချက်
“The Daily Lens”ဟာ လုံးဝလုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေသလို သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ရန်ကုန်-ဒလတံတား ဖွင့်ပွဲလာတဲ့ စစ်ခေါင်းဆောင် ရှော့တိုက်ဒုံး ပစ်ခံရလို့ သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။
Title:Fact Check: ရန်ကုန်-ဒလတံတား ဖွင့်ပွဲလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှော့တိုက်ဒုံး ပစ်ခံရလို့ သေဆုံးတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

