
ပိုက်လိုင်းပုံ၊ သစ်ပင်ငုတ်တိုတွေနဲ့ ပုံ၊ သစ်ခွဲသားတွေပုံထားတဲ့ ပုံတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ မြင်ကွင်းတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
“ဦးသိန်းစိန် ရေးဆွဲခဲ့သောကမ္ဘာကျော် ပန်းချီကားများ”ဆိုပြီးတော့ “Kyawlay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှာ “Ven Vi MaLa” အမည်နဲ့ဖေ့စ်ဘွတ်အသုံး ပြုသူမျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။

ဒီပို့စ်မှာဓာတ်ပုံ ၆ ပုံပါဝင်ပြီး ပုံ၃ ပုံဟာ ဖားကန့်ဒေသကျောက်မျက်တူးဖော်ရေးနဲ့ သက်ဆိုင်ပေမဲ့ ကျန် ၃ ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတကာက ပုံတွေဖြစ်တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး ပိုက်လိုင်းပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ကင်မရွန်းကနေ ချက်ဒ်ကို ရေနံတင်ပို့ဖို့အတွက် တည်ဆောက်ထားတဲ့ Chad-Cameroon pipeline စီမံကိန်းပုံဖြစ်တာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အလားတူ သစ်ငုတ်တိုပုံတွေဟာ Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အမေရိကန်နိုင်ငံ အောရီဂန်(Oregon)ပြည်နယ်က Willamette National Forest ကို ရေလှောင်တမန်လုပ်ဖို့အတွက် အပင်တွေ ခုတ်လှဲခဲ့ပုံဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီလိုပဲ ဆဌမမြောက်ပုံဟာ ၂၀၁၄ ခုနှစ်မှာ ဇူလိုင် ၂၇ ရက်မှာ ခမာဘာသာနဲ့ရေးသားခဲ့တဲ့ လွတ်လပ်သော အာရှအသံ(RFA)သတင်းတစ်ခုမှာ ဒီပုံကို သုံးစွဲထားတာတွေ့ရပါတယ်။ ဓာတ်ပုံအညွှန်းမှာ လာအိုနိုင်ငံ တောင်ပိုင်း ပြည်နယ်တစ်ခုက သစ်သားသိုလှောင်ရုံတစ်ခုက ဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ပိုက်လိုင်းပုံ၊ သစ်ပင်ငုတ်တိုတွေနဲ့ ပုံ၊ သစ်ခွဲသားတွေပုံထားတဲ့ ပုံတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ မြင်ကွင်းတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်ကို သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:နိုင်ငံတကာက စီမံကိန်းပုံတွေကို ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့မြင်ကွင်း အဖြစ်ဖော်ပြနေ
Fact Check By: Nayar MaungResult: False