အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

Coronavirus False လူမှုရေး

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။

“24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 အလှူရှင်များ အဖွဲ့များစုစည်းရာ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားပါတယ်။

Fb linkArchive link

ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ မကြာခဏဆိုသလို ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီလိုပို့စ်တွေမှာပါတဲ့ဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့ပြီးဖြစ်တဲ့ အကြောင်းအရာ ပေါင်းစုံနဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ရေးချင်တဲ့အကြောင်းအရာကို ရေးသားမျှ ဝေနေကြတာဖြစ်ပါတယ်။ အခု အာရပ်က သူဌေးက အလှူငွေပေးနေပုံဆိုတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၆ ခုနှစ် အွန်လိုင်းမှာ ပျံ့နှံလျက်ရှိတဲ့ ဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ emirates247.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ဖော်ပြခဲ့တဲ့ ဒီဓာတ်ပုံမှာ  ဒူဘိုင်းဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်ဖြစ်သူက ရှိတ်မိုဟာမက် ဘင်ရရှစ်အယ်မက်တွန်(Sheikh Mohammed bin Rashid Al Maktoum)က အာရပ်စော်ဘွာများပြည်ထောင်စုရဲ့ ဒုတိယအကြိမ် ဒုံ(drone)ပြိုင်ပွဲနဲ့ ပထမအကြိမ် ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာပြိုင်ပွဲက ဆုရခဲ့တဲ့ပြိုင်ပွဲဝင်တွေကို ဆုချီးမြှင့်ပေးနေပုံဖြစ်ပါတယ်။

Link

ဒီလို “covid 19 အလှူရှင်များ အဖွဲ့များစုစည်းရာ”ဖေ့စ်ဘွတ်စုမှာတင်ထားတဲ့ မျက်နှာဖုံးဓာတ်ပုံဟာ စက်တင်ဘာ ၂၀ ရက်နေ့က အိန္ဒိယသံအမတ်ကြီးက ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ Remdac ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို လှူဒါန်းတဲ့အခမ်းအနားက ဓာတ်ပုံဖြစ်ပါတယ်။ 

ဒီဖေ့စ်ဘွတ် ဂရုကို စက်တင်ဘာ ၁၉ ရက်(လွန်ခဲ့တဲ့ ၅ ရက်က)စတင်လုပ်ခဲ့တာဖြစ်ပြီး ဒီဂရုကိုစတင်ခဲ့တဲ့ အကောင့် ၂ ခုဟာ timeline မှာ နှစ်လုံးထီနဲ့ပတ်သက်တဲ့ပို့စ်တွေ တင်ထားတာတွေ့ရပါတယ်။

ဒီလို လှူပေးတယ်၊ ငွေလွှဲမယ်ဆိုတဲ့ သတင်းဖြန့်တဲ့ ဖေ့စ်ဘွတ်အုပ်စုတွေကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်အုပ်စုမှာ ဝင်ရောက်သူတွေ တိုးပွားအောင်ဆောင်ရွက်ပြီး နှစ်လုံးထီ၊ချဲဂဏန်းပေးတဲ့အလုပ်နဲ့ လူတွေဆီက ဝင်ငွေရှာဖွေ တာတွေနဲ့ စပ်ဆက်နေတာလည်းတွေ့ရပါတယ်။ 

ဒီလို သတင်းဖြန့်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ဖုန်းနံပါတ်တွေစုဆောင်းပြီး ဖုန်းနံပါတ် တွေဆီကို စာတိုတွေပို့ပြီး ငွေလွှဲကို ထုတ်ဖို့အတွက် လျို့ဝှက်နံပါတ်အတွက် ငွေလွှဲပေးရမယ် စသည်ဖြင့် လိမ်ညာနေတာတွေနဲ့လည်း စပ်ဆက်နေတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေပေးနေတယ်ဆိုတဲ့အချက်အလက် အထောက်အထားမရှိပါဘူး။ ဒီဖေ့စ်ဘွတ်အုပ်စုကို စတင်လုပ်ဆောင်ခဲ့သူတွေဟာလည်း မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားမရှိတဲ့အတွက် အချက်အလက်မှားအချက်အလက်တုအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *