
ဖေ့စ်ဘွတ်အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဘယ်သူဘယ်ဝါဆိုတဲ့အထောက်အထား ID တစ်ခု ဖေ့စ်ဘွတ်မှာ ချပြဖို့လိုတယ်ဆိုပြီး တိုက်တွန်းလျက်ရှိတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။
ဖေ့စ်ဘွတ်အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဘယ်သူဘယ်ဝါဆိုတဲ့အထောက်အထားကို ဖေ့စ်ဘွတ်စီမှာ ချပြမထားလို့ အခြားသူတွေက ဖေ့စ်ဘွတ်ကိုတိုင်တန်းမယ်ဆိုရင် အကောင့်ပြုတ်ကျပြီး မှတ်ပုံတင်၊ ပက်စ်ပို့၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကို အသုံးပြုပြီး မိမိဘယ်သူဖြစ်တယ်ဆိုတာချပြထားမယ်ဆိုရင် အကောင့်ပြုတ်မကျမှာ မဟုတ်လို့ မှတ်ပုံတင်ကြဖို့ တိုက်တွန်းထားတဲ့ ဒီပို့စ်ကို “Myo Myint Kyaw” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်က ရေးသား မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်ကျော်ရှိခဲ့ပါတယ်။
တကယ်တော့ ဖေ့စ်ဘွတ်အသုံးပြုဖို့အတွက် ဒီလိုမလုပ်အပ်တာတွေ့ရပြီး မိမိဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖေ့စ်ဘွတ်မှာ ချပြမှတ်တမ်တင်ထားရုံနဲ့ အကောင့်ပိတ်သိမ်းခံရခြင်းမရှိဘူးဆိုတာမဟုတ်ပါဘူး။ နားလည်မှုလွဲမှာစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်မှာ အောက်ပါအတိုင်းရေးသားထားတာတွေ့ရပါတယ်။
“IDတင်ထားတဲ့အကောင့် ကြိုက်သလောက် rpထုပါလုံးဝမကျဘူး ဒါပေမဲ့ တရားဝင်အကောင့်ဖြစ်သွားတဲ့အတွက် သူရဲ့ စည်းကမ်းနဲ့မညီတဲ့အရာတွေကိုလုပ်ရပ်တွေလုပ်ရင်တော့ အbanခံရပါမယ် ကျနော်ဟိုဘက်အကောင့်ဆိုရင် အပိတ်ခံထားရတယ်”ဆိုပြီးတော့လည်း ရေးသားထားပါတယ်။

မူရင်းပို့စ်ကို ကြည့်ရှု့ရန်
အချက်အလက်စိစစ်ချက်
ဘယ်သူဘယ်ဝါဆိုတဲ့အထောက်အထားကို ဖေ့စ်ဘွတ်စီမှာ ချပြမှတ်တမ်းတင်မထားလို့ အခြားသူတွေက ဖေ့စ်ဘွတ်ကိုတိုင်တန်းမယ်ဆိုရင် အကောင့်ပြုတ်ကျမယ်ဆိုတဲ့အချက်နဲ့ ဖေ့စ်ဘွတ်အသုံးပြုဖို့အတွက် အခုလို မိမိဘယ်သူဘယ်ဝါဖြစ်ကြောင်းပြောပြဖို့ လိုမလို ဖေ့စ်ဘွတ်ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူကို Fact Crescendo Myanmar ကဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်းဖြေကြားပါတယ်။
“ဒီပို့စ်ဟာ မမှန်ပါဘူး။ မြန်မာနိုင်ငံက လူတွေဟာ ဖေ့စ်ဘွတ်ဆက်လက်အသုံးပြုနိုင်ဖို့အတွက် မိမိမည်သူ ဖြစ်တယ်ဆိုတဲ့အထောက်အထားမလိုပါဘူး။ နိုင်ငံရေး၊ လူမှုရေးရာ၊ ရွေးကောက်ပွဲဆိုင်ရာတွေကို အခပေး ကြေညာဖို့ မရှိရင် ဒါမှမဟုတ်လည်း ဖေ့စ်ဘွတ်ကတိုက်ရိုက်ဆက်သွယ်ပြီးလာတာမျိုးမရှိဘူးဆိုရင် ဖေ့စ်ဘွတ်အသုံးပြုသူဟာ ဒီပို့စ်မှာ ပြထားသလိုမျိုး အဆင့်တွေကို လိုက်လုပ်ပြီး မိမိမည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြဖို့မလိုပါဘူး”လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဖေ့စ်ဘွတ်ရဲ့ အကူအညီစာမျက်နှာမှာလည်း “Facebook တွင်အိုင်ဒီ တစ်ခုတင်ရန် ဘာကြောင့် ကျွန်ုပ်တောင်းဆို ခံရတာလဲ”ဆိုတဲ့ အချက်အလက်မှာ မိမိအကောင့်ကို အခြားသူတွေက ဝင်ရောက်နေတာမျိုးမှာ အခြားသူတွေက ဝင်ရောက်တာမျိုးမရှိနိုင်ဖို့အတွက် တောင်းဆိုတယ်လို့ရေးသားထားပါတယ်။ အခြားအကြောင်းကတော့ မိမိရဲ့ စာမျက်နှာသို့မဟုတ် ပို့စ်ကို လူအမြောက်အများဆီရောက်အောင်ဆောင်ရွက်ရာမှာ ပုံမှန်မဟုတ်တဲ့ဆောင်ရွက် မှုမျိုးဖြစ်နေခြင်းနဲ့ သက်ဆိုင်ပြီး ပြည်ပနိုင်ငံတစ်ခုခုက နိုင်ငံရေးအရ လွမ်းမိုးမှု၊အချက်အလက်ခိုးယူခံရမှုမှ ကာကွယ်ရန်ဖြစ်တယ်လို့လည်းရေးသားထားပါတယ်။

ဖေ့စ်ဘွတ်ရဲ့ လူမှုကွန်ယက်စံနှုန်း သတ်မှတ်ချက်ကို ချိုးဖောက်မှု အတွက်ဖြစ်စေ အဖော်အချွတ်၊လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ခွင့်ပြုချက်မဲ့ရောင်းဝယ်မှု၊ အနှောင့်ရမ်းကားမှု၊ သေကြောင်းကြံမှု၊ သတင်းမှား၊ အမှိုက်ဆန်တဲ့ စာတွေ မူမမှန်နဲ့ ပုံအောဆောင်ရွက်မှု၊ အကြမ်းဖက်ဝါဒ၊ အမုန်းစကားစတဲ့ အကြောင်းအရာ တစ်ခုခုနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေဟာ ဖေ့စ်ဘွတ်ကုမ္ပဏီကို သတင်းပို့ တိုင်ကြားနိုင်တာ တွေ့ရပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဖေ့စ်ဘွတ်အသုံးပြုသူတွေအနေနဲ့ ဘယ်သူဘယ်ဝါ ဆိုတဲ့အထောက် အထားကို ဖေ့စ်ဘွတ်စီမှာ ချပြမထားလို့ အခြားသူတွေက ဖေ့စ်ဘွတ်ကိုတိုင်တန်းမယ်ဆိုရင် အကောင့်ပြုတ်ကျပြီး မိမိဘယ်သူဖြစ်တယ်ဆိုတာ ဖေ့စ်ဘွတ်ကို ချပြထားမယ်ဆိုရင် အကောင့်ပြုတ်မကျမှာ မဟုတ်ဘူးဆိုတဲ့ အချက် ဟာ အထောက်အထားမရှိတာ တွေ့ရပါတယ်။

Title:ဖေ့စ်ဘွတ်ကို သတင်းပို့တိုင်ကြားခံရတဲ့အခါ အကောင့်ပြုတ်မကျစေဖို့အတွက် ID ကတ်တစ်ခုခုနဲ့ကာကွယ်နိုင်တယ်ဆိုတာ ဟုတ်ပါသလား -မဟုတ်ပါ
Fact Check By: Nayar MaungResult: False