Fact Check: FB Messenger ယာယီပြတ်တောက်မှုဖြစ်စဉ်အပြီး နားလည်းမှု လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေပျံ့နှံ့ခဲ့

လူမှုရေး

ဒီဇင်ဘာ ၁၀ ရက်က  လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ နားလည်းမှုလွဲမှာစေနိုင်တဲ့ အကြောင်းအရာ တွေပျံ့နှံ့ခဲ့တာကို  Fact Crescendo Myanmar က သတိပြုမိပါတယ်။

အများအပြားပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာကတော့ Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြောဆိုပြီး လူမှုကွန်ယက်မှာ ရေးသားမျှနေတာဖြစ်ပြီး အများအပြားက ဟာသအဖြစ် နားလည်ပြီး “Ha Ha” စိတ်ခံစားမှုကို ပေးခဲ့ကြပြီး အမြောက်အများ အပျော်အပျက် မှတ်ချက်ပြန်လည်ရေးသား ကြတာတွေ့ရပေမဲ့ အချို့သော လူမှုကွန်ယက်အသုံးပြုသူတွေအတွက် ဟာသအဖြစ် နားလည်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။ 

အလားတူ ရေးသားမျှဝေထားတာ ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေ ထားတဲ့ ပို့စ်တွေမှာ အများအပြားက ဟာသအဖြစ် နားလည်ပြီး “Ha Ha” စိတ်ခံစားမှုကို ပေးထားပြီး အမြောက်အများ အပျော်အပျက် မှတ်ချက်ပြန်လည်ရေးသားကြတာတွေ့ရပါတယ်။  

သို့သော်လည်း ဒီလိုပျံ့နှံ့မှုအားကောင်းတဲ့ ပို့စ်တွေကို ကူးယူပြီး ဝက်ဘ်ဆိုဒ်စာမျက်နှာတစ်ခုက  ပြန်လည်မျှဝေခဲ့ ရာမှာတော့ လူမှုကွန်ယက်အသုံးပြုသူဟာ ဟာသအဖြစ်နားလည်မှုလျော့နည်းသွားတာ တွေ့ရပါတယ်။ အကြားနားလည်မှုလွဲစေခဲ့တဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတာ အောက်ပါအတိုင်း တွေ့ရပါတယ်။  ထို့အပြင် Messenger က အခုလိုပြတ်တောက်ခြင်းဟာ လျို့ဝှက်စာပို့ စနစ်တွေနဲ့ ဖျက်ထားတဲ့စာတွေ ပြန်လည်ဖော်ထုတ် စစ်နေတာကြောင့်ဖြစ်တယ်လို့လည်း ရေးသားမျှဝေခဲ့ကြ သလို ရုရှားဟတ်ကာတွေက Messenger နဲ့ Instagram အသုံးပြုသူတချို့ရဲ့Data တွေကို ခိုးယူသွားလို့ဖြစ် တာလို့ မျှဝေနေကြတာလည်းတွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။

“မကြာမီအချိန်တွင် Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြော

အထက်ပါကိစ္စ နှင့် စပ်လျဉ်း၍ ယခုလို COVID-19 ကာလအတွင်း သမီးရည်းစား အတွဲများသည် Messenger ကို အသုံးပြုများလာ ကြောင်း ၊ Video chatting များလည်း များလာကြောင်း ၊ ထို့ပြင် ၎င်းတို့ စုံတွဲများ ro နေကြခြင်းကို Screen Shot များရိုက်၍ Facebook တွင် ပြန်လည်မျှဝေနေခြင်းများလည်းရှိကြောင်း။ ထို အချင်းအရာမှာ တစ်ကမ္ဘာလုံးကပ်ဆိုက်နေသည် ကို မထီမဲ့မြင်ပြုရာကျ ပြီး ပြည်သူလူထုကို ဒုက္ခပေးနေခြင်းပင်ဖြစ်ကြောင်း Zuckerberg က ပြောလိုက်သည်။ ထို့ကြောင့် World Single Association ၏ တောင်းဆိုချက်အရ များမကြာမီ Messenger ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း နှင့် အတွဲများသည် လူမှုကွန်ယက်တွင် စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ရပ်ဖြစ်ကြောင်းပါ ယနေ့ ညနေ (၅) နာရီတွင် ၎င်း၏ facebook Live မှ ထည့်သွင်း ပြောကြားသည်။

နောက်ပိုင်းတွင် ရည်းစားရှိသူများကိုပါ Facebook မှ ban ရန် အစီအစဉ်ရှိကြောင်းလည်း ခန့်မှန်းသိရှိရပါ သည်။ ”လို့ ရေးသားထားတဲ့ ဝက်ဘ်ဆိုဒ်လင့်ခ်ကို “May Lay”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၃၀၀ ဝန်းကျင်ရှိပါတယ်။ မှတ်ချက်တွေကိုလေ့လာကြည့်ရာမှာလည်း ဒီသတင်းပေါ် အမှန်တကယ်ဖြစ်စဉ်အဖြစ်ယူဆနေကြတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

“မကြာမီအချိန်တွင် Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြော”ဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ပထမဆုံးအချက်အလက်စိစစ်ကြည့်ရအောင်ပါ။

ဖေ့စ်ဘွတ်တည်ထောင်သူ Mark Zuckerberg ရဲ့ တရားဝင်စာမျက်နှာကို ဒီမှာဝင်ရောက်လေ့လာနိုင်ပါတယ်။ အခုစာရေးနေချိန်အထိ ဒီစာမျက်နှာမှာ ဒီဇင်ဘာ ၁ ရက်မှာ နောက်ဆုံး live လွှင့်ခဲ့တာတွေ့ရပါတယ်။ အမေရိကန် ကူးစက်ရောဂါ ထိပ်တန်း ကျွမ်းကျင်ပုဂ္ဂိုလ် Dr. Dr. Fauci နဲ့ ကိုဗစ်နိုင်တင်းအကြောင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Facebook အနေနဲ့ Messenger ကို ရပ်ပစ်မယ်ဆိုတာမျိုးမတွေ့ရပါဘူး။ အခြားသောသတင်းဌာနတွေမှာ ဖော်ပြချက်လည်း တစ်စုံတစ်ရာမတွေ့ရပါဘူး။  

ဒီလိုရေးသားမျှဝေချက်ဟာ အမေရိကန်မှာ Facebook ကိုတရားစွဲခံရတဲ့ သတင်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။ သို့သော်လည်း ဒီလိုတရားစွဲခံရတဲ့ ပြဿနာမှာ Facebook Messenger နဲ့ သက်ဆိုင်ခြင်းမရှိဘဲ အခြားသူတွေဆီ ကနေ ဝယ်ယူခဲ့တဲ့ Whatsapp နဲ့ Instagram တို့ကို ဝယ်ယူခဲ့ခြင်းနှင့်သက်ဆိုင်ပါတယ်။ အဓိက တရားစွဲဆိုခဲ့တဲ့ အကြောင်းအရာကတော့ ပြိုင်ဘက်တွေကို မတရားယှဉ်ပြိုင်မှုအကြောင်းပြချက်နဲ့ အာဏာပိုင်တွေက တရားစွဲ ဆိုတာဖြစ်ပါတယ်။ ဒီလုပ်ငန်းနှစ်ခုကို Facebook အနေနဲ့ သီးသန့်ခွဲထုတ်ခန့်ခွဲဖို့ အာဏာပိုင်တွေက အလိုရှိနေတာဖြစ်ပါတယ်။

Messenger မှာ အခုလိုဖြစ်တာဟာ Hide Chat တွေ Group Chat တွေနဲ့ ဖျက်ထားတဲ့အကြောင်းအရာတွေကို ပြန်လည်စိစစ်နေတာ  ကြောင့်ဖြစ်တယ်ဆိုတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာအထောက်အထားမရှိ တာတွေ့ရပါတယ်။ 

Facebook Messenger နဲ့ Instagram စာပို့စနစ်ဟာ ဒီဇင်ဘာ ၁၀ ရက် မနက် ၄ နာရီခွဲဝန်းကျင်ကနေ စတင်ပြီး စနစ်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီဝန်းကျင်မှာ((မြန်မာစံတော်ချိန် ညနေ ၄ နာရီကနေ ၉ နာရီခွဲ အကြား)မှာ လုံးဝပြန်လည်ကောင်းမွန်ခဲ့ပါတယ်။ 

အသုံးပြုသူတွေက ပေးပို့ခဲ့တဲ့ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေထဲမှာ အကောင့်ဝင်လို့မရတော့ဘူးဆိုတဲ့ ပြဿနာက ၄၁ ရာခိုင်နှုန်းရှိခဲ့ပြီး၊ မက်ဆေ့ကို လက်ခံလို့မရဘူးဆိုတာ ၃၄ ရာခိုင်နှုန်းနဲ့ ဆာဗာကို ဆက်သွယ်လိုမရဘူးဆိုတာက ၂၄ ရာခိုင်နှုန်းနဲ့ အဓိက ဖြစ်ခဲ့တာတွေ့ရပါတယ်။ 

ဆက်လက်ပြီး Russian hacker တွေကနေ Messenger နဲ့ Instagram  အသုံးပြုသူ တချို့ရဲ့အချက်အလက်တွေ ဖောက်ထွင်းခံရပြီးနောက်အခုလို ဖြစ်ပျက်ခဲ့တယ်လို့ ရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး အချက်အလက် စိစစ်ကြည့်ရာမှာလည်း ဒီလိုသတင်းမျိုး ဖေ့စ်ဘွတ်ဘက်က တရားဝင်ထုတ်ပြန်ချက်မျိုး မတွေ့ရသလို သတင်းဖော်ပြချက်မျိုးလည်းမတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်ကို အသုံးပြုပြီး အခြားသူတွေရဲ့ အကောင့်တွေကို ခိုးယူနေတာ၊ malware သုံးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဗီယက်နက်နဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဟက်ကာအုပ်စုတွေကို အရေးယူထားတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ Facebook မှ messenger ကို ဖျက်သိမ်းတော့မယ်၊ Messenger မှာစနစ်ချို့ယွင်းမှုက ဖျက်ထားတဲ့အကြောင်းအရာတွေကို ပြန်ရှာနေလို့ဖြစ်တာ၊ ရုရှားဟတ်ကာ တွေရဲ့ အချက်အလက်ခိုးယူခံရလို့ဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေဟာ အထောက်အထားမရှိပါဘူး။

Avatar

Title:FB Messenger ယာယီပြတ်တောက်မှုဖြစ်စဉ်အပြီး နားလည်းမှု လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေပျံ့နှံ့ခဲ့

Fact Check By: Nayar Maung 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *