
အစိုးရနဲ့တပ်မတော်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်ဘက်က စစ်ရေးလုပ်ရှားမှုအဖြစ် စစ်ကားတွေတန်းစီနေတဲ့ပုံနဲ့ စစ်သားတွေ မြေနီလမ်းတစ်ခုမှာ ရပ်နေပုံတို့ကို လူမှုကွန်ယက်မှာ မျှဝေလျက်ရှိ တာတွေ့ရပါတယ်။
သို့သော်လည်း ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာ တွေ့ရပါတယ်။
“နိုင်ငံရေးဆွေးနွေးချင်ရင် တတိယအကြိမ်လွှတ်တော် ခေါ်ဆိုထားမှုကို ရပ်ဆိုင်းပေးရမယ်လို့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို NLD အစိုးရက ငြင်းဆန်အပြီး နာရီပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်များပါ။ မဲအငြင်းပွားမှုပြဿနာများကို မဖြေရှင်းပဲ တတိယအကြိမ် လွှတ်တော်ခေါ်မယ်ဆိုရင် တပ်မတော်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ့် အနေအထားကို တွေ့ရပါတယ်။”စသည်ဖြင့် ရေးသားလျှက် “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။
အလားတူ “လမ်းပေါ်ရောက်ကုန်ပီး”လို့ရေးသားလျှက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အစိုးရနဲ့ တပ်မတော်ဆွေးနွေးမှု မအောင်မြင်ဖြစ်တယ်ဆိုပြီးတော့ ရေးသားမျှဝေချက်နဲ့ပတ်သက်ပြီး အချက်အ လက်စိစစ်ရှာဖွေကြည့်ရာမှာ မီဒီယာအများအပြားမှာမတွေ့ရသော်လည်း ဧရာဝတီသတင်းဌာနက အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်ချရသူ ၂ ဦးနဲ့ တပ်ဘက် အဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု ဇန်နဝါရီ ၂၈ ရက်မှာရှိခဲ့ပြီးဆွေးနွေးပွဲရလာဒ်အဖြေမထွက်ဘူးလို့ ရေးသားထား တာတွေ့ရ ပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
အဝေးမြင်ကွင်းနဲ့ ကတ္တရာလမ်းမဘေးမှာတစ်ခုမှာ စစ်ကားတန်း ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာ ဖွေရာမှာ အောက်ပါ အတိုင်းတွေ့ရပါတယ်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က bnionline သတင်းဌာနက “ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တပ်မတော် ယာဉ်တန်း ပူတာအိုသို့ ချီတက်”အမည်နဲ့ သတင်းဖော်ပြချက်မှာ ဒီပုံကို သုံးစွဲထားတာတွေ့ရပြီး ဓာတ်ပုံအညွှန်းကို “ဖေဖေါ်ဝါရီ ၂၆ ယနေ့ မနက်ပိုင်း မြစ်ကြီးနား မပခ မှ ပူတာအို သို့ ချီတက်သော တပ်မတော် ယာဉ်တန်း ကို တပ်ကုန်းရပ်ကွက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း တွင် မြင်ရပုံ”လို့ ရေးသားဖော်ပြထားပါတယ်။
မူရင်းလင်ခ့် – bnionline | Archive link
နောက်ထပ်ဓာတ်ပုံဖြစ်တဲ့ ပျောက်ကျားမိုးကားတွေနဲ့ စစ်ကားတန်းကို အနီးကပ်ရိုက်ထားတဲ့ပုံကို ထပ်မံရှာ ဖွေကြည့်ရာမှာလည်း ၂၀၁၄ ခုနှစ်က ဧပြီလထဲမှာ နမ့်ခမ်းမြို့ကနေ မန်စီဘက်သို့ထွက်ခွာဦးတည်လာတဲ့ တပ်မတော်ယာဉ်တန်းအဖြစ်ဖေ့စ်ဘွတ်အသုံးပြုသူတစ်ယောက်ကမျှဝေထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ရှူ့နိုင်ပါတယ်။
တတိယဓာတ်ပုံတစ်ပုံဖြစ်တဲ့ စစ်သားတွေအများအပြား မြေနီးလမ်းတစ်ခုမှာ ရပ်နေတဲ့ ပုံဟာ တရုတ်ဝက်ဘ်ဆိုဒ် တစ်ခုမှာဖော်ပြထားတာတွေ့ရပြီး ကိုးကန့်တိုက်ပွဲအတွင်း တိုက်ပွဲအခြေအနေများကို မြန်မာတပ်မတော်ထုတ်ပြန် ဆိုပြီးတော့ရေးသားထားတဲ့ပုံ ဖြစ်တာတွေ့ရ ပါတယ်။
မူရင်းလင်ခ့် – Link | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အစိုးရနဲ့တပ်မတော်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော် ဘက်က စစ်ရေးလုပ်ရှားမှုအဖြစ်ဖော်ပြနေတဲ့ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပုံတွေကို အသုံးပြုပြီး ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Title:အစိုးရနဲ့ တပ်မတော်ဆွေးနွေးမှုအပြီး စစ်ရေးပြင်နေပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False