
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုပြီး သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိပါတယ်။
သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
“အမေစု ကျန်းမာရေးအခြေနေမှာ အသက်အန္တရာယ် ထိ စိုးရိမ်နေရ စစ်ကောင်စီမှ ကုသပေးခြင်း မရှိ”လို့ ရေးသားပြီး “NUG CRPH PDF CDM Support”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မတ် ၂၆ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်ဆိုပြီး ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
စစ်တပ်က သီးသန့်နေရာတစ်ခုမှာထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အချိန်နဲ့တပြေးညီသိရှိဖို့မဖြစ်နိုင်တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ စစ်တပ်က ရွေးကောက်ပွဲမသမာမှုအကြောင်းပြချက်အပြင် ပုဒ်မပေါင်းများစွာနဲ့ စွပ်စွဲခံထားရတဲ့အမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုကိုယ်စားပြုမယ် ရှေ့နေတစ်ချို့နဲ့ တရားခွင်မှာ ရံဖန်ရံခါ တွေ့ခွင့်ရတယ်လို့ ယူရပါတယ်။ ဒီလိုအခြေအနေမှာ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အခြေအနေ၊ သူရဲ့ လိုအပ်ချက်တွေကို ရှေ့နေတွေပြောပြနိုင်ကောင်းနိုင်ပေမဲ့ ရှေ့နေတွေကိုလည်း မည်သူနဲ့မျှ ဆက်သွယ်ပြောဆိုတာမလုပ်ဖို့ စစ်တပ်က တားမြစ်ထားပါတယ်။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကို ပတ်သတ်ပြီး အချက်အလက်စစ်ဆေးမှုဟာ အားနည်းချက်များစွာရှိပါတယ်။
သို့သော်လည်း တဖက်မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ယခုခေါင်းစဉ် တပ်ထားပြီး အင်တာဗျူးဖြေဆိုထားတဲ့ ဗွီဒီယိုဟာ လက်ရှိအဖြစ်အပျက်မဟုတ်ပါဘူး။ အင်တာဗျူး ဗွီဒီယိုဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်က BBC Burmese သတင်းဌာနရဲ့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို ဘီဘီစီက သူ့ရှေ့နေနဲ့မေးမြန်းထား”ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူးကို ပြန်လည်ဖော်ပြထား ခြင်းဖြစ်တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – BBC Burmese | Archive link
တဖန် ယခုရက်ပိုင်းအတွင်းမှာ မီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese သတင်းဌာနကတော့ “ဒေါ်အောင်ဆန်းစုကြည် ကို ထိန်းသိမ်းထားတဲ့နေရာက လူတချို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသွားအလာကန့်သတ် (ကွာရန်တင်း) ဝင်နေရပြီး မတ်လ ၂၈ ရက် ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။”လို့ သတင်းတစ်ခုမှာ ရေးသားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ်ရှိနေပြီး စိုးရိမ်ရတယ်ဆိုတဲ့အချက်အလက်ဟာ အထောက်အထားကင်းမဲ့ပြီး အင်တာဗျူးအသံဖိုင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အင်တာဗျူးဖြစ် တာတွေ့ရပါတယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အသက်အန္တရာယ် စိုးရိမ်ရဆိုတဲ့ လှည့်စားထားတဲ့ သတင်းတု
By: Nayar MaungResult: Explainer