
အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ ၂၄ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ မတ် ၂၄ ရက်အခြေအနေအရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် သေဆုံးမှုများပြားခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “Ye Htet”အမည်နဲ့အကောင့်လည်း အီတလီအခြေအနေဆိုပြီးတော့ မတ် ၂၂ ရက်က အခုလိုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၆၀၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ “ခြောက်ခြားစရာကောင်းလိုက်တာဗျာ၊လတ်တစ်လော အီတလီရှိ COVID-19 ရဲ့ ရက်စက်မှု”ဆိုပြီးတော့ “လောကချမ်းသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ် ၂၃ ရက်က မျှဝေထားတာတွေ့ရပါတယ်။

ဒီဗွီယိုဟာ တကယ်ပဲ အီတလီမှာဖြစ်ပျက်ခဲ့တာလား။ ဗွီဒီယိုကို သေချာကြည့်ရင် အာဖရိက နိုင်ငံတစ်ခုက ဖြစ်နိုင်ပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဗွီဒီယိုကို ဒေါင်းလုတ်လုပ်ပြီးတော့ InVID ဗွီဒီယို tool kits မှာပါတဲ့ ဗွီဒီယို keyframes ဖမ်းယူနည်းနဲ့ ဓာတ်ပုံတွေကို ဖမ်းယူပြီး Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ရှာဖွေကြည့်တဲ့အခါ အောက်ပါ အတိုင်းတွေ့ရပါတယ်။


အခြားနိုင်ငံတွေမှာတော့ အီတလီက ပြန်လာတဲ့ အီသီယိုးပီးယားလေကြောင်းလိုင်းပေါ်က ကိုရိုနာဗိုင်းရပ်စ ်ကူးစပ်ခံရတဲ့သူတွေဆိုပြီးပြန်လည်မျှဝေနေကြတာကို အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းအသီးသီးက စိစစ်ထားတာတွေလည်း တွေ့ရပါတယ်။ အောက်ပါလင့်မှာ ဖတ်ရှု့လေ့လာနိုင်ပါတယ်။
ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုဟာ ဆီနီဂေါနိုင်ငံ ဒိုင်နက်စ်မြို့အနီးရှိ Blaise Diagne လေဆိပ်မှာ နိုဝင်ဘာ ၂၈ ရက် ၂၀၁၉ က ကယ်ဆယ်ရေးအစမ်းလေ့ကျင့်မှုနဲ့ပတ်သက်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ လေယာဉ်ကွင်းမှာ ပေါ်ပေါက် လာနိုင်တဲ့ အရေးပေါ် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စွမ်းရည်မြှင့်တင်လေ့ကျင့်နေတာဖြစ်ပါတယ်။ ဒီအစမ်းလေ့ကျင့်မှုလုပ်ရခြင်းအကြောင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားချက်တွေ လည်းပါဝင်ပါတယ်။ အောက်ပါ ယူကျု့လင့်မှာ ၄ မိနစ် ၃၃ စက္ကန့်ကြာမြင့်တဲ့ မူရင်း ဗွီဒီယိုကို ဝင်ရောက်လေ့လာကြည့်ရှု့နိုင်ပါတယ်။
သုံးသပ်ချက်
“လောကချမ်းသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ Ye Htet အမည်နဲ့အကောင့်တို့က မျှဝေထားတဲ့ “အီတလီအခြေအနေ”ဆိုတဲ့ ဗွီဒီယိုဟာ ဆီနီဂေါနိုင်ငံ ဒိုင်နက်စ်မြို့အနီးရှိ Blaise Diagne လေဆိပ်မှာ နိုဝင်ဘာ ၂၈ ရက် ၂၀၁၉ က ကယ်ဆယ်ရေးအစမ်းလေ့ကျင့်မှုဗွီဒီယိုကို လက်ရှိအီတလီအခြေအနေအဖြစ်ဖော်ပြထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

Title: ဆီနီဂေါနိုင်ငံမှာ ကူညီကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို အီတလီနိုင်ငံအခြေ အနေအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား
Fact Check By: နေရာမောင်Result: False