
စစ်ကောင်စီက စိန်ရတုလွတ်လပ်ရေးအခမ်းအနားကို သူတို့ထိန်းချုပ်ထားရာ နေပြည်တော်မှာ ကျင်းပခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကမကထပြုတဲ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် အနှစ်သာရကင်းမဲ့ခဲ့ပြီး လူထုပါဝင်မှုလည်းနည်းပါးပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးနေ့မှာ KNU က စစ်တပ်တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ကကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ တက်ရောက်လာတဲ့ ဝန်ကြီးအပါအဝင် ၄၅ ဦးသေဆုံးတယ်လို့ဆိုပြီး သတင်းတု ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။
“ဝန်ကြီး ၄၅ဦး ဘဝ ကူးပြီ”လို့ ရေးသားပြီး “The News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဇန်နဝါရီ ၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၅ သိန်းကျော်ရှိတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
သတင်းခေါင်းစဉ်တုနဲ့ ဗွီဒီယိုပါအကြောင်းအရာကို လူတွေစိတ်ဝင်စားမှုရှိအောင်လှည့်စားထားခြင်းဖြစ်ပါတယ်။ ဗွီဒီအစမှာ ဗုံးကြဲခံရလို့ ဝန်ကြီးတွေအပါအဝင် ၄၅ ဦးသေဆုံးဆိုပေမဲ့ ဗွီဒီယိုထဲမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို KNU နဲ့ ကိစ္စ သတင်းထောက်တွေက မေးမြန်းနေခြင်းသာဖြစ်တယ်။ ဒီဗွီဒီယိုဖိုင်ဟာ စစ်တပ် အာဏာမသိမ်းခင် ကရှိခဲ့တဲ့ စစ်တပ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်။ တကယ်တမ်း လွတ်လပ်ရေး နေ့မှာ နေပြည်တော်မှာ ဗုံးပေါက်ကွဲခြင်း မရှိသလို ပစ်ခတ် တိုက်ခိုက်မှုဖြစ်တဲ့ အထောက်အထားလည်း မတွေ့ရှိရပါဘူး။
စစ်တပ်က လုပ်တဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အခမ်းအနားကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်
လွတ်လပ်ရေးနေ့က နေပြည်တော်မှာ ဗုံးပေါက်ကွဲမှု မရှိသလို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း လည်းမရှိပါဘူး။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး စစ်တပ်သတင်းစာရှင်းလင်ပွဲ ဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ ဝန်ကြီး ၄၅ ဦးသေဆိုတဲ့သတင်းတု
Fact Check By: နေရာမောင်Result: False