
မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။
ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက ကာရက် ၉၀ကျော်ဆိုတော့တကယ့်ကို ပြည်တန်ပတ္တမြားပါပဲ။ ၁၀ကာရက်လောက် ပတ္တမြားကိုတောင် ဒီနေ့ခေတ် ကာလပေါက်ဈေး ဒေါ်လာသန်းချီတန်နေကြောင်း ကြားဖူးခဲ့တယ်။ မင်းကောင်းမြတ်မှန်လို့ထိုက်တန်စွာ ပေါ်ထွက်လာခဲ့တဲ့အဖိုးထိုက် ရတနာ …အမေစုခေတ်မှာသာ ပေါ်ထွန်းခဲ့ပါပြီဟု …(ကိုယ်တိုင်လိုက်သော သတင်းဖြစ်သည်။ ဘယ်မီဒီယာဆီကမှ မဟုတျ) မူရင်း post ပိုင်ရှင်အား #Credit Aung Win Credit”လို့ ရေးသားထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေတာတွေ့ရပြီး မူရင်းပို့စ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး တရားဝင်သတင်းမီဒီယာတွေမှာ တစ်စုံတစ်ရာဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့် မိုးကုတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါကို ကျွန်တော်တွေ့တာတော်တော်ကြာပါပြီ သုံးလကျော်လောက်တောင် ရှိမလား၊ ရွေးကောက်ပွဲမတိုင်ခင်ကလည်းတွေ့တာဗျ၊ သတင်းတစ်ခုက ဒီလောက်ကြာကြာပေါ်လာလိုက် ပျောက်သွားလိုဆို မဟုတ်တော့ဘူးထင်တယ်။ တကယ်မှန်ရင် တရားဝင်သတင်းထွက်လာမှာပေါ့၊ အခုချိန်ထိတော့ အပြင်မှာ မတွေ့သေးဘူး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီပို့မှာ အသုံးပြုထားတဲ့ပုံကလည်း ကျောက်မျက်ရတနာရောင်းဝယ်ရေးဝဘ်ဆိုဒ်တွေမှာ အသုံးပြုပြီးသားပုံတွေဖြစ်တာကိုတွေ့ရပါတယ်။ londonde.comဆိုတဲ့ ကျောက်မျက်ဈေးကွက်နဲ့ အရောင်းအဝယ်ဝဘ်ဆိုဒ်ကလည်း ကျောက်မျက်ကုမ္ပဏီတွေအကြောင်းရေးသားထားတဲ့ ဆောင်းပါးမှာ ဒီပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် – londonde.com | Archive link
သုံးသပ်ချက်
အထက်ပါအချက်အရ မိုးကုတ်မှာ ပြည်တန်ပတ္တမြားတွေ့ရှိတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

Title:မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False