
မတ် ၂၉ ရက်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်တဲ့ covid-19 အတည်ပြုလူနာ ၈ ဉီးမှာ ၅ ဉီးဟာ ရန်ကုန်မှာဖြစ်ပါတယ်။ ပြည်တွင်းပထမဆုံး ကူးစက်လူနာအဖြစ် ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်သူ လူနာအမှတ်(၈)ကလည်း ရန်ကုန်ကဖြစ်နေချိန်မှာ “Ygn ..48hrs အတွင်း LOCK DOWN ချပါမယ်
Comfrim ဖြစ် ပါပြီ..မကြာခင် တရားဝင် ကြေငြာတော့မယ် …Crd# ကပ် ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ…”ဆိုပြီးတော့ May Thazin Soe အမည်နဲ့အကောင့်က ရေးသားထားတာတွေ့ရပါတယ်။ Aung Kyaw Oo အမည်နဲ့အကောင့်ကလည်း “Current Affiars”အမည်နဲ့ ဖေစ့်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။

အလားတူ Mee Mee အမည်နဲ့အကောင့်ကလည်း မျှတေထားတာတွေ့ရပါတယ်။

ဒီပိုစ့်ကို မယုံကြည်သူတွေရှိသလို ရေးသားမျှဝေထားတဲ့အကောင့်ဟာအကောင့်အစစ်ဖြစ်တာမို့ စိုးရိမ်သူတွေလည်းရှိခဲ့ပါတယ်။
အချက်အလက်စိစစ်ချက်
ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မဟုတ်မှန်ကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။
“မဟုတ်ပါဘူး။ နောက် ၄၈ နာရီအတွင်း ပိတ်ဖို့ တရားဝင်ညွှန်ကြားချက်ထုတ်ပြန်ထားတာလည်းမရှိပါဘူး။ ၄၈ နာရီအတွင်းပိတ်ဖို့ အစီအစဉ်လည်းမရှိပါဘူး”လို့ ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ် ၂၈ ရက်က နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၁)မှာ Corona Virus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တာကို ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ကို အသွားအလာကန့်သတ်ထိန်းချုပ်ရေး သို့မဟုတ် lockdownဆိုတဲ့ စကားလုံးတစ်လုံးမှမပါဝင်တာတွေ့ရပါတယ်။

သုံးသပ်ချက်
“Ygn ..48hrs အတွင်း LOCK DOWN ချပါမယ် Comfrim ဖြစ် ပါပြီ..မကြာခင် တရားဝင် ကြေငြာတော့မယ် …Crd# ကပ် ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ…”ဆိုပြီးတော့ ရေးသားထားချက်ဟာ အချက်အလက်မှားသာဖြစ်ပါတယ်။